Live
Home
မြန်မာသတင်း
စိန္တာမုနိမင်းဝံတောင် ဘုရားပရဝဏ်အတွင်း ရုပ်ပွားတော်များကို သံဃနာယကအဖွဲ့ ဖယ်ရှားခိုင်း
DVB
·
July 7, 2020
နေပြည်တော် ပျဉ်းမနား၊ စိန္တာမုနိမင်းဝံတောင် ဘုရားပရဝဏ်ထဲက ရုပ်ပွားတော်တွေဟာ ယတြာပြုလုပ်ထားတာဖြစ်လို့ သံဃနာယကအဖွဲ့က ဖယ်ရှားခိုင်းခဲ့ပါတယ်။ အဲဒီရုပ်ပွားတွေရဲ့ ထုဆစ်ပုံဟာ မြန်မာနိုင်ငံမှာ ရိုးရာအစဉ်အလာအရ ထုဆစ်ကြတဲ့ မုဒြာ ၅၅ မျိုးမှာ မပါသလို ဆံတော်နေရာမှာ ကြာပန်းပုံထည့်ထားတာ၊ လက်မောင်းတော်၊ ချက်တော်၊ ဒူးတော်၊ ကျောနဲ့ ဦးခေါင်းတော် နောက်ဘက်မှာ ခရုပတ်ထည့်ထားတာ၊ ညာလက်တော်ကို ရှေ့ကိုချထားပြီး ဘယ်လက်တော်က နောက်ကို ဖြန့်ထားတာတို့ဟာ ကြည်ညိုကိုးကွယ်ဖို့ မသင့်တာကို တွေ့ရတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီရုပ်ပွားတွေကို နေပြည်တော် ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်က စိန္တာမုနိကျောင်းထဲမှာ ရှိတာပါ။ အဲဒီကျောင်းဝင်းထဲက ဓာတ်တော်စေတီတော်၊ သိဒ္ဓိရှင် မိုးကောင်းစေတီတော်နဲ့ ညောင်ပင်ပတ်လည်တို့မှာ ထားရှိတာ ဖြစ်ပြီး စုစုပေါင်း ၆၇ ဆူ ဖြစ်ပါတယ်။ ဒီရုပ်ပွားတော်တွေဟာ ထေရဝါဒဗုဒ္ဓဘာသာနဲ့ မကိုက်ညီတာ၊ လောကီအကျိုးစီးပွားအတွက် ဗေဒင်ယတြာ အစီအမံတွေနဲ့ ပေါင်းစပ်ပြုလုပ်ထားတာ၊ ကြည်ညိုဖွယ်မဆောင်တာ စတာတွေကြောင့် ဇူလိုင် ၆ ရက်မှာ နောက်ဆုံးထား ဖယ်ရှားဖို့အတွက် စိန္တာမုနိကျောင်းဆရာတော် ဦးစန္ဒိမာသာရကို နေပြည်တော် သံဃနာယကအဖွဲ့က ဇူလိုင် ၁ ရက်နေ့မှာ ဝန်ခံကတိ လက်မှတ်ထိုးစေခဲ့တယ်လို့ သာသနာရေးက ထုတ်ပြန်ထားပါတယ်။ သက်တော် ၈၈ နှစ်အရွယ် စိန္တာမုနိကျောင်းဆရာတော် ဦးစန္ဒိမာသာရဟာ ၃၃ ဝါပဲ ရှိသေးတဲ့ တောထွက် ရဟန်းတပါးဖြစ်ပြီး အလှူရှင်တွေရဲ့ ကိုယ်ကျိုးစီးပွားအတွက် စီးပွားဥစ္စာ အာဏာရဖို့ လောကီအစီအမံတွေနဲ့ ပေါင်းစပ်ပြုလုပ်ထားတာဖြစ်ပြီး ပိဋကတ်စာပေ မတတ်ကျွမ်းဘူးလို့ ဆိုပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024