Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ဇွန်လအတွင်း လူ ၁၃၀၀ ကျော်လေဘေးသင့်၊ ကမ်းပြိုမှုကြောင့် နေအိမ် ၆၄ လုံး ရွှေ့ပြောင်းခဲ့ရ
DVB
·
July 7, 2020
107701400_887270245090653_3213347087283657590_o
ဧရာဝတိုင်းအတွင်းရှိ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ဇွန်လအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူဦးရေ ၁၃၆၉ ဦးကျော်လေဘေးသင့်ခဲ့ပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၆၄ လုံး ပြောင်းရွှေ့ ခဲ့ရတယ်လို့ တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနက ပြောပါတယ်။ ဇွန်လအတွင်း လေပြင်းတိုက်ခတ်မှု ၃၃ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံးဝပြိုကျပျက်စီးခဲ့တဲ့ လူနေအိမ် ၆၄ လုံးနဲ့ တစိတ်တပိုင်းပြိုကျပျက်စီးခဲ့တဲ့ လူနေအိမ် ၂၆၅ လုံးရှိခဲ့တာကြောင့် လူဦးရေ ၁၃၆၉ ဦး လေဘေးသင့်ခဲ့တယ်လို့ တိုင်းဒေသကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးသန်းစိုးက DVB ကိုပြောပါတယ်။ "တိုင်းအတွင်းက မြို့နယ်တွေမှာ ဇွန်လအတွင်း လေပြင်း ၃၃ ကြိမ် တိုက်ခတ်မှု ဖြစ်ပေါ်ခဲ့တယ်၊ လေဘေးသင့်ခဲ့တဲ့ နေအိမ်တွေကို ဦးစီးဌာနက သတ်မှတ်ထားတဲ့အတိုင်း ထောက်ပံ့တာတွေ ပြုလုပ်ပေးထားပါတယ်၊ လေဘေးသင့်တဲ့ လူဦးရေအလိုက် ဆန်နဲ့ အခြားရိက္ခာတွေ ထောက်ပံ့ပေးတာတွေလည်းရှိတယ်။"  ဇွန်လအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့တဲ့ နေအိမ်တွေက လေဘေးသင့် မိသားစုဝင် ၁၃၈၉ ဦးကို အိမ်ဆောက်ပစ္စည်းအပါအဝင် ၁ ပတ်စာ စားနပ်ရိက္ခာထောက်ပံ့ငွေ စုစုပေါင်း ၂၀၈ သိန်းကျော်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်းမှာ ဇွန်လအတွင်း ကမ်းပါပြိုကျခဲ့မှု ၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ပြိုကျတဲ့မြစ်ကမ်းပါးနဲ့ နီးတဲ့ ရွှေ့ပြောင်းခဲ့ရတဲ့ ၄၂ အိမ်ကို အိမ်ဆောက်ပစ္စည်းနဲ့ ၁ အိမ်ကို ၁ သိန်းနှုန်း စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ဦးသန်းစိုးက ပြောပါတယ်။ မြစ်ကမ်းပါးပြိုကျလို့ ရွှေ့ပြောင်းခဲ့ရတဲ့ နေအိမ်တွေအတွက် ၁ အိမ်ထောင်ကို ၁ သိန်းထောက်ပံ့ပေးသလို ဆန်ရိက္ခာ ၁ ပတ်စာ ထောက်ပံ့ပေးပြီး စုစုပေါင်း ၄၅ သိန်းကျော်ဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ ဧရာဝတီတိုင်းအတွင်း မြစ်ကမ်းပါးပြိုကျမှုတွေမှာတော့ ဟင်္သာတခရိုင်အတွင်းက ကြံခင်းနဲ့ ဇလွန်မြို့၊ မအူပင်ခရိုင်က ညောင်တုန်းနဲ့ ပန်းတနော်မှာ အဖြစ်များတယ်လို့ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024