ဓာတ်ခွဲနမူနာ ၁,၆၅၄ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် ၃ ဦး တွေ့ရှိ
DVB
·
July 7, 2020
ဇူလိုင် ၆ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၁,၆၅၄ ခုအား နှစ်သုတ်ခွဲ စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃ ဦး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲ နမူနာ ၈၄၆ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၂၈၂ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၁၂၈ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် ၁,၀၀၀ က ဓာတ်ခွဲနမူနာ ၃၉၈ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ (၁,၆၅၄) ခုအား စစ်ဆေးခဲ့တာပါ။
လူနာသစ် အမှတ် ၃၁၄၊ ၃၁၅ နဲ့ ၃၁၆ တို့ဟာ တာမွေ၊ တောင်ဒဂုံနဲ့ စမ်းချောင်းမြို့နေ ယူအေအီးနိုင်ငံက ပြန်လာတဲ့သူတွေဖြစ်ပြီး အသွားအလာကန့်သတ်ထားသူတွေ ဖြစ်ပါတယ်။ သူတို့ ၃ ဦးကို တောင်ဉက္ကလာပ အထူးကုဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၁၆ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်သူ ၂၄၅ ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ ၂၂၈ ဦးနဲ့ စောင့်ကြည့်လူနာ အသစ် ၂၉ ဦး ရှိပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၅၄၀,၀၀၀ ကျော်နဲ့ ရောဂါပိုးကင်စင်သူ ၆.၆ သန်းကျော်ရှိတယ်လို့ သိရပါတယ်။