Home
မြန်မာသတင်း
လွိုင်ကော်မြို့နယ် ပီကင်းကောခူကျေးရွာတွင် ဝက်အများအပြားသေဆုံး
နော်နိုရင်း
·
July 6, 2020
106217518_10220424365332576_7031571467039966272_n
106366061_10220424244489555_2327355391220830901_n
79219168_10220424243329526_1906335578908170722_n
79206004_10220424244409553_8975134239389084848_n
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ရှမ်းကယားနယ်စပ် ပီးကင်းကောခူကျေးရွာက ဝက်ခြံတခုမှာ အခုရပ်ပိုင်းအတွင်း ဝက်တွေ ဆက်တိုက်သေဆုံးနေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဇွန်လ ၂၈ ရက်နေ့ကစပြီး ဝက်တွေ နှစ်ကောင်စသုံးကောင်စ သေဆုံးမှုဖြစ်ပွားခဲ့ရာကနေ ဒီနေ့ ၁၄ ကောင် အပါအဝင် သေဆုံးတာ ၇၅ ကောင်ရှိပြီလို့ ပီကင်းကောခူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဌေးက ပြောပါတယ်။ “အဲဒီဝက်ခြံမှာက ဝက်ကောင်ရေ ၁၄၀ လောက်ရှိတယ်။ ဇွန်လ ၂၈ ကနေ့ကနေ ဇူလိုင်လ ၄ ရက်နေ့အထိက ၅၄ကောင်၊ နောက် ဒီ ၅ ရက်နေ့တုန်းက နောက်ထပ် ၇ ကောင်၊ အခုဒီရက်က နောက်ထပ် ၁၄ ကောင်ဆိုတော့ အားလုံးပေါင်း ၇၅ ကောင်သေတယ်။ ခြံက တဝက်လောက်သေသွားတဲ့ အနေအထားလေးပေါ့။ ” ပီကင်းကောခူကျေးရွာမှာ စီးပွားဖြစ်မွေးမြူရေးခြံ ၇ ခြံရှိပြီး ဝက်အများဆုံး အကောင်ရေ ၁၄၀ ခန့်မွေးတဲ့ ဝက်ခြံမှာ အခုလို ဝက်အများအပြား သေဆုံးတာဖြစ်ပါတယ်။ သေဆုံးသွားတဲ့ ဝက်တွေရဲ့ ရောဂါလက္ခဏာအနေအထားကို  ကျေးရွာအုပ်ချုပ် ရေးမှူး ဦးအောင်ကျော်ဌေးက “ကျနော်သွားကြည့်တဲ့အထဲမှာ တွေ့ရတဲ့ လက္ခဏာအနေအထားကတော့ ဝက်က ခြေထောက်မှာ အဆစ်ရောင်တာတို့၊ တင်ပါးမှာ၊ နာရွက်မှာ ပြာနှမ်းတဲ့အနေအထားရှိတယ်။ နောက်ဗိုက်မှာ အကွက်အစိမ်းရောင်ရှိတဲ့အနေအထားရှိတာပေါ့။” လို့ ပြောပါတယ်။ ပြီးခဲ့သည့်လကလည်း ရှမ်း ပြည်နယ်တောင်ပိုင်း မြို့နယ်အချို့မှာ ဝက်သေ ဆုံးမှုများဖြစ်ပွားခဲ့သလို ရှမ်းကယားနယ်စပ် ပီကင်းကောခူနဲ့ကပ်လျက် မိုးဗြဲမြို့အတွင်းမှာ ဝက်သေဆုံးမှုဖြစ်ပြီး အခုလို ကူးစက်မှုတွေ ရှိလာတာလို့ ဆိုပါတယ်။ ပီးကင်းကောခူကျေးရွာက တခြား ဝက်မွေးမြူရေးခြံနဲ့ တပိုင်တနိုင်မွေးတဲ့သူတွေလည်း ဝက်ရောဂါ ကူးစက်မှာကို စိုးရိမ်ပူပန်နေကြပါတယ်။ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာလည်း ပြီးခဲ့တဲ့ဇွန်လဆန်းပိုင်းကစပြီး ဝက်နာကျပြီး ဝက်အများအပြား သေဆုံးမှုတွေဖြစ်ပွားခဲ့ပါတယ်။ ဒီးမော့ဆိုမြို့နယ် ဒေါငံရောက်ကျေးရွာနဲ့အနီးတဝိုက်မှာ ဝက်အကောင် ၆၀ ထက်မနည်း သေဆုံးပြီး ဓာတ်ခွဲစစ်ဆေးရာမှာ ဝက်အားနည်းရောဂါဖြစ်ပွားတာလို့ ကယားပြည်နယ် မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာသန်းအေးက ပြောပါတယ်။ “ပြီးခဲ့တဲ့လကစပြီးတော့ ဒေါငံရောက် အဲဒီအနီးတဝိုက်မှာ အကောင် ၅၃ ကောင်လောက် သေထားတာ ရှိတာပေါ့နော်။ ဒီးမော့ဆို ဒေါငံရောက်မှာဖြစ်တဲ့ဟာကို ကျနော်တို့ သွေးနမူနာကို မန္တလေးဓာတ်ခွဲခန်းကိုပို့တဲ့အခါမှာတော့ PCV  type 2 virus ကြောင့် ဝက်အားနည်းရောဂါပေါ့ ဓာတ်ခွဲခန်းအဖြေရရထားပေါ့နော်။ ဒီလွိုင်ကော်မြို့နယ် ပီကင်းကောခူက ဟာကတော့ ကျနော်တို့သွေးနမူနာတော့ ပို့ထားတယ်။” ဒီရောဂါက ဝက်အချင်းချင်းကူးစက်တဲ့ ရောဂါဖြစ်ပြီး ဒီလိုရောဂါဖြစ်လို့သေဆုံးတဲ့ဝက်တွေကို ချက်ပြုပ်စားသောက်တာတွေမပြုလုပ်ဖို့၊ မြစ်တွေချောင်းတွေမှာ မပစ်ဖို့နဲ့ သေဆုံးသွားတဲ့ဝက်တွေကို ကျင်းအနည်းဆုံး ၆ ပေတူးပြီးမှ မြှုပ်နှံဖို့ မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာသန်းအေးက ပြောပါတယ်။ “ကျနော်တို့လက်လှမ်းမှီသလောက်တော့ ကျနော်တို့ကွင်းဆင်းတယ်။ စဖြစ်ဖြစ်ချင်းတော့ ကျနော်တို့ကွင်းဆင်းတယ်။ အဓိကကတော့ ကျနော်တို့ အသိပညာပေးတာပေါ့နော်။ ဒါက အဓိက ကူးစက်ရောဂါဖြစ်တယ်။ ချက်ပြုပ်စားလို့မရဘူး၊ ဖြစ်သွားပြီဆိုတာနဲ့ ကျနော်တို့ မြေမြုပ်ရမယ်။ မြေမြုပ်တဲ့အခါမှာ ခပ်တိမ်တိမ်မြုပ်လို့မရဘူး။ ခတ်နက်နက်မြုပ်ရမယ်။ အနည်းဆုံး ၆ ပေလောက် တူးပြီးတော့မှ မြုပ်ရမယ်။ တတ်နိုင်ရင်တော့ ထုံးတွေဘာတွေဖြူးပြီး ပိုးသတ်ဆေးတွေ ဖြန်းမယ်ဆိုရင်တော့ အရောဂါကို ထိန်းသိမ်းနိုင်မှာပေါ့။ အဓိကကတော့ ဒီရောဂါက လေကြောင့် ကူးစက်တာမဟုတ်ဘူး၊ ချက်ပြုပ်ပြီးတနေရာကနေတနေရာသယ်ဆောင်လို့ ကူးတာပေါ့နော်။ ” ပြည်နယ် မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာနအနေနဲ့ လက်လှမ်းမှီသလောက် ကာကွယ်ဆေး ထိုးနှံတာ၊ ကုသပေးတာတွေရှိပေမယ့် ဒီလိုရောဂါပြင်းထန်လာရင်တော့ ကုသလို့ မရနိုင်ကြောင်း ပြောပါတယ်။ ဒီလိုအလားတူ ဝက်တွေဖျားနာသေဆုံးမှုမျိုးတွေ၊ ဖရူဆိုမြို့နယ်နဲ့ ဖားဆောင်းမြို့နယ်တွေမှာ အနည်းအကျဉ်း ဖြစ်ပွားတယ်လို့ သိရပါတယ်။ လွိုင်ကော်မြို့ စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိဦးသန်းထွန်းက “ဝက်သားသတ်လိုင်စင်ရထားတဲ့သူတွေကိုလည်း ဝက်သေတွေမရောင်းဖို့၊ ဒီနေ့ ရောင်းမကုန်တဲ့ အသားတွေကိုလည်း သေချာစနစ်တကျထားပြီးတော့ နောက်နေ့မှာ စားသုံးရန်သင့်မသင့် တခါတည်းစစ်ဆေးဖို့၊ အရင်ထက်ပိုပြီးတော့ ဂရုစိုက်ဖို့ကိုတော့ နေ့စဉ်နေ့တူတကွ ကျနော်တို့ မှာကြားတာတွေရှိပါတယ်။” ဇွန်လဆန်းပိုင်းလောက်ကစပြီး ဒီးမော့ဆိုနဲ့  ဖရူဆို မြို့နယ်က  အိမ်တွင်းမွေးမြူထားတဲ့ ဝက်တွေ အစာမစားတာ၊  ဝမ်းပျက်တာတွေဖြစ်ပြီး သေဆုံးခဲ့ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ကြပြီး ကာကွယ်ဆေးများထိုးနှံပေးခဲ့ပါတယ်။ ဝက်တွေ သေဆုံးတာတွေများလားတဲ့အတွက် ဝက်သားစားသုံးသူတွေနည်းပါးပြီး ဝက်အရောင်းသည်တွေ အရောင်းအဝယ်အေးပြီး ငွေကြေးအခက်အခဲနဲ့ရင်ဆိုင်နေရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024