Homeမြန်မာသတင်း
မင်းကင်းမြစ်ရိုးတလျှောက် လမ်းပိုင်းများ အဆင့်မြှင့်တင်ပေးရန် ဒေသခံများ တောင်းဆို
မင်းကင်းမြစ်ရိုးတလျှောက် လမ်းပိုင်းများ အဆင့်မြှင့်တင်ပေးရန် ဒေသခံများ တောင်းဆို
DVB
·
July 6, 2020
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ချင်းတွင်းမြစ်အထက်ပိုင်းမှာ အသစ် ဖောက်လုပ်ထားတဲ့ တစ်ကြောင်းထိုးလမ်းတွေကို ရာသီမရွေးသွားလာလို့ရအောင် အဆင့်မြှင့်တင်ပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။
ရှေးယခင်ကတည်းက ချင်းတွင်းမြစ်ရိုးအထက်ပိုင်းဒေသခံတွေဟာ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစစအရာရာ ရေလမ်းကြောင်းတစ်ခုတည်းကိုသာ အားကိုးသွားလာနေကြရတာ ဖြစ်ပါတယ်။
အသစ်ဖောက်လုပ်ထားတဲ့ တစ်ကြောင်းထိုးလမ်းပိုင်းတွေ အဆင့်မြှင့်တင်ပေးဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းနဲ့ ဒေသခံပြည်သူတွေ့ဆုံပွဲမှာ ပြည်သူတွေရဲ့ တင်ပြ တောင်းဆိုခဲ့ကြတာပါ။
လျှော်ဖြူပင်ကျေးရွာနေ ဦးသိန်းမြင့်က “မင်းကင်းမြစ်ရိုးတလျှောက်မှာ အရင်က ရေလမ်းတခုပဲ အားကိုးသွားလာနေရတာကြောင့် ဒီလမ်းဖောက်ပေးတဲ့အတွက် သွားလာမှု တော်တော်လေးအဆင်ပြေနေပါပြီ။ ကျနော်တို့ ဒေသတလျှောက်ဟာ ကုန်ရောင်းကုန်ဝယ် အစစအရာရာ ကလေးဝကိုလည်း အမှီပြုပြီး သွားလာကြရတဲ့အတွက် အခုကစပြီး သွားလာနေကြသလို တစ်ကြောင်းထိုးပြီးတာနဲ့ ဒီလမ်းကိုအဆင့်မြှင့်ပေးဖို့ တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။
မြောက်ချွန်းကျေးရွာနေ ဦးသိန်းထွန်းဦးက “၁၂ ရာသီပတ်လုံး သွားလာနိုင်တဲ့ လမ်းဖြစ်ခဲ့ရင်တော့ ဒီဘက်မြစ်ရိုးခြမ်းက လူတွေအကုန်လုံး အထက်ညာဘက်ခြမ်းက လူတွေအကုန်လုံး စီးပွားရေးကအစ အားလုံးဖြိုးတိုးတက်လာလိမ့်မယ် ထင်ပါတယ်” လို့ ပြောပါတယ်။
ဒီလမ်းပိုင်းတွေကို အဆင့်မြှင့်တင်ပေးနိုင်အောင် အစိုးရဆီက ရန်ပုံငွေတောင်းခံသွားမယ်လို့ မင်းကင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဘွဲ့ဇာလျန်က ပြောပါတယ်။
“ဖောက်လုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့အခါ ပြည်ထောင်စု ပြင်ထိန်း ရန်ပုံငွေကနေ ကျခံပါတယ်ဗျ။ ဖောက်လုပ်ပြီးသားပြင်တာက ၁၆ မိုင်၊ အသစ် ဖောက်လုပ်တာက ၆၇ မိုင်နဲ့ ၆ ဖာလုံရှိပါတယ်။ အကျိုးပြုကျေးရွာကတော့ ကျေးရွာပေါင်း ၆၀ ရှိပါတယ်။ လက်ရှိဖောက်လုပ်တာကတော့ ၁၈ ပေ လမ်းကြောင်းဖောက်လုပ်ဖို့အတွက် ပေ ၃၀ ယူပါတယ်။ ဒီလမ်းကိုတော့ အစိုးရဆီက ရန်ပုံငွေတောင်းခံပြီးတော့ ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်။”