ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေ
DVB
·
July 6, 2020
ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း အိန္ဒိယနိုင်ငံ၊ ဩရိဿ(Odisha) မြောက်ပိုင်းကမ်းခြေတို့မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေပါတယ်။
ဒီနေ့မွန်းတည့်အထိ ခန့်မှန်းချက်အရ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) နဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်နဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းတို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်မှာ ဒေသအလိုက်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့တွင် နေရာကွက် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါတယ်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါ တစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်၊ ရေပြင်/မြေပြင်လေဟာ တစ်နာရီကို ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေခန့်နဲ့ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၅ ပေမှ ၈ ပေခန့် ရှိနိုင်ပါတယ်။
နောက် ၂ ရက်အတွင်းမှာလည်း မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။