မော်လမြိုင်မြို့၏ ၈၀ ရာခိုင်နှုန်းကို သောက်သုံးရေ ဖြန့်ဝေပေးနိုင်တော့မည်

မော်လမြိုင်မြို့ရဲ့ ၈၀ ရာခိုင်နှုန်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO စံနှုန်း သတ်မှတ်ချက် ဖြစ်တဲ့ NTU 5 အဆင့်ထက်ပိုတဲ့ သောက်သုံးရေတွေ ဖြန့်ဝေပေးနိုင်တော့မယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ မွန်ပြည်နယ်မှာ ပေါင်၊ ချောင်းဆုံ၊ ကျိုက်မရော အပါအဝင် ဘီးလင်းမြို့နယ်နဲ့ မော်လမြိုင်မြို့နယ်တွေဟာ နှစ်စဉ် ရေရှားပါးမှုပြဿနာကို ရင်ဆိုင်ရတာပါ။  လက်ရှိမှာတော့ မော်လမြိုင်မြို့ရဲ့ ရေရှားပါးမှုပြဿနာကို ဖြေရှင်းဖို့အတွက် အတ္ထရံမြစ်ရေတင် စီမံကိန်း အပါအဝင် ရွှေနတ်တောင်ဆည်နဲ့ ကင်မွန်းခြုံဆည်တွေကို ပြန်လည် အဆင့်မြှင့်တင်တဲ့ လုပ်ငန်းတွေကို အကောင်အထည် ဖော်ဆောင်ရွက်နေတာပါ။ အဲလို လုပ်ဆောင်ရာမှာ အတ္ထရံမြစ်ရေတင်စီမံကိန်း ပြီးစီးသွားရင် မော်လမြိုင်မြို့ရဲ့ ၈၀ ရာခိုင်နှုန်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO စံနှုန်းသတ်မှတ်ချက်ဖြစ်တဲ့ NTU 5 အဆင့်ထက်ပိုတဲ့ သောက်သုံးရေတွေ ဖြန့်ဝေပေးနိုင်တော့မယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောပါတယ်။ “ရေသန့်ရသွားမယ်။ အရင်ကတော့ ၆၀ လောက် ရတယ်။ ရေသန့်မရဘူး။ ရေသန့်ရတာက ၂၀ နဲ့ ၃၀ ရာခိုင်နှုန်းလောက်ပဲ ရတယ်။ အခု အတ္ထရံပြီးသွားရင် WHO ရဲ့စံနှုန်းထက် ပိုသာတဲ့ရေ ရသွားပြီ။ WHO စံနှုန်း NTU 5 ပေါ့။ NTU 3 ရဲ့အောက် ရေကို ရသွားပြီ။” မော်လမြိုင်မြို့ကိုတော့ လာမယ့်နှစ် ဇန်နဝါရီလကစပြီး WHO စံနှုန်းသတ်မှတ်ချက်တွေထက်ပိုတဲ့ သောက်သုံးရေတွေ ဖြန့်ဝေပေးနိုင်ဖို့အတွက် လက်ရှိမှာ အတ္ထရံမြစ်ရေတင်ပြီး ပြန်လည်သန့်စင်တဲ့ စီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက စတင် အကောင်အထည် ဖော်ခဲ့တာပါ။ အတ္ထရံမြစ်ရေတင် စီမံကိန်းကိုတော့ လာမယ့် စက်တင်ဘာလမှာ အပြီးလုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ တွဲဘက်ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။  “ပြီးစီးမယ့်ကာလကိုတော့ ၂၀၂၀ စက်တင်ဘာ မှန်းထားတယ်။ ပြီးသွားရင် test run လုပ်ရမယ်။ ကျနော်တို့မှန်းထားတဲ့ သန့်စင်မှု ရေကွာလတီကို ရ၊ မရကို test run တွေလုပ်ရမယ်။ ၃ လအတွင်းမှာ test run ပြီး စိတ်ချရပြီဆိုတော့မှ စဖြန့်ဝေမှာပေါ့။” အတ္ထရံမြစ်ရေတင်စီမံကိန်းဟာ အာရှဖွံ့ဖြိုးရေးဘဏ် ADB ချေးငွေနဲ့ ဆောင်ရွက်တာ ဖြစ်ပြီး အဲဒီစီမံကိန်းတခုတည်းကနေ နေ့စဉ် ရေဂါလန် သိန်း ၆၀ လောက် ထုတ်လုပ်သွားဖို့ စီစဉ်ထားတာပါ။ ဒါ့အပြင် ရွှေနတ်တောင်ဆည်နဲ့ ကင်မွန်းခြုံဆည်တွေကနေ ရေသန့်စင်တဲ့ သောက်သုံးရေ ဂါလန် သိန်း ၃၀ လောက် ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ ဇော်လွင်ထွဋ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up