တရားစွဲခံရသည့် ရုရှားသတင်းထောက် လွှတ်ပေးရန် ဆန္ဒပြ

အကြမ်းဖက်ဝါဒ မှန်ကန်ကြောင်း အများလက်ခံအောင်လုပ်မှုနဲ့ တရားစွဲခံရတဲ့ ရုရှားသတင်းထောက်တယောက်ကို လွှတ်ပေးဖို့ ရုရှားမြို့တော် မော်စကိုမှာ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။  မြို့လယ်မှာ ချီတက်ဆန္ဒပြမှုနဲ့ လူ ၁၇ ယောက်လောက်လည်း ဇူလိုင် ၃ ရက်က အဖမ်းခံရ ပါတယ်။ သတင်းထောက် အဲ့စ်ဗက်လာနာ ပရိုကိုပြေဗာဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၇ နှစ်ထိ ရင်ဆိုင်ရနိုင်ပါတယ်။   အာချန်ဂယ်စကီမြို့ထဲမှာ ပြည်ထောင်စုလုံခြုံရေးဌာန ရုံးအတွင်း သူ့ကိုယ်သူ ဖောက်ခွဲခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်ရဲ့ အမှုကို ရေဒီယို အသံလွှင့်အစီအစဉ်အတွင်း ဆွေးနွေးမှုကြောင့် ပရိုကိုပြေဗာဟာ ၂၀၁၈ နိုဝင်ဘာမှာ အာဏာပိုင်တွေရဲ့ ထိန်းသိမ်းခံခဲ့ရပါတယ်။  ဖောက်ခွဲခဲ့တဲ့ လူငယ်ကတော့ သေဆုံးပြီး တခြားလူ ၃ ယောက် ဒဏ်ရာရလို့ ဒီအမှုကို အာဏာပိုင်တွေက အကြမ်းဖက်လုပ်ရပ်အဖြစ် စာရင်းသွင်းခဲ့ပါတယ်။  ရုရှားအစိုးရနဲ့သဘောထား ကွဲလွဲသူတွေရဲ့ အမြင်အပေါ် အစိုးရရဲ့ ကိုင်တွယ်ပုံ နည်းလမ်း ဟာ အဲဒီဖောက်ခွဲမှုလိုမျိုး အလားတူ အစွန်းရောက် ဆန္ဒပြပွဲတွေ လုပ်ရပ်တွေဆီ ဦးတည်သွား စေနိုင်တယ်လို့ ရေဒီယိုအသံလွှင့်အစီအစဉ်အတွင်းမှာ သတင်းထောက်က ဝေဖန်ပြောဆိုခဲ့တာပါ။  သူ့ကို ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ်စီရင်ဖို့ အစိုးရရှေ့နေရုံးက သောကြာနေ့မှာ တောင်းဆိုထားတယ်လို့ ဘီဘီစီသတင်းဌာနက ဆိုပါတယ်။ ဇူလို ၃ ရက်နေ့ ဆန္ဒပြပွဲမှာ ဆန္ဒပြသူ အများစုက ရုရှားသတင်းထောက်တွေပါ။  လူမှုကွန်ရက်မီဒီယာပေါ်က လူ့အဖွဲ့အစည်းခေါင်းဆောင် ဗလာဒီမီယာ ဗိုရွန်စတို့ဗ်ကို ထောက်ခံဆန္ဒပြမှုနဲ့ မေလကမှ ထောင် ၁၅ ရက် ချခံရသူ သတင်းထောက် အိုင်ယာ အဲ့ဇာလည်း ပါပါတယ်။ အဲ့ဇာကို ထောက်ခံတဲ့အနေနဲ့ ရုရှားပြည်သူတွေက တကိုယ်တော် ဆန္ဒပြပွဲတွေ အတော်များများ ဆင်နွှဲခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up