Homeမြန်မာသတင်း
စနစ်တကျမမွေးသဖြင့် ဝက်များ သေဆုံးခြင်းဖြစ်နိုင်ဟု ဧရာဝတီတိုင်း မွေးမြူရေးနှင့်ကုသရေး တာဝန်ရှိသူပြော
စနစ်တကျမမွေးသဖြင့် ဝက်များ သေဆုံးခြင်းဖြစ်နိုင်ဟု ဧရာဝတီတိုင်း မွေးမြူရေးနှင့်ကုသရေး တာဝန်ရှိသူပြော
DVB
·
July 5, 2020
ဧရာဝတီတိုင်းအတွင်း မြို့နယ်တွေမှာ ဇွန်လ တတိယပတ်ကစပြီး ဝက်အမြောက်အမြား သေဆုံးတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး စနစ်တကျမမွေးလို့ ဝက်တွေ သေတာဖြစ်နိုင်တယ်လို့ တိုင်းဒေသကြီး မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက တာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။
တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာမိုးမိုးခိုင်က “ဝက် သေဆုံးတယ်ဆိုတဲ့ သတင်းကတော့ အရပ်စကား ပျံ့နှံ့နေတာပေါ့။ တကယ်တော့ ရာသီ အကူးအပြောင်းကာလ ဖြစ်တယ်၊ စနစ်တကျ မွေးမြူထားတာ မရှိဘူးဆိုရင်တော့ ခုကာလမှာ တိရစ္ဆာန်လေးတွေ သေဆုံးတတ်ပါတယ်။ သက်ဆိုင်ရာ မွေးမြူရေးလုပ်ငန်းတွေနဲ့ တရားဝင် မွေးမြူထားတဲ့ သူတွေအနေနဲ့ကတော့ ဝက်တွေ အများကြီးသေတယ်လို့ သတင်းပို့တာ မရှိသေးပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဖျာပုံခရိုင်အတွင်းနဲ့ မအူပင်ခရိုင်အတွင်းက မြို့နယ်တွေမှာ ဝက်အတော်တော်များများ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီးတော့ အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် သေဆုံးတာ ဖြစ်နိုင်ကြောင်း ပြောဆိုနေကြတဲ့အပေါ်မှာလည်း ဓာတ်ခွဲစစ်ဆေးမှုတွေ ပြုလုပ်ပြီးမှ အတည်ပြုနိုင်မယ်လို့ ဆိုပါတယ်။
“တိရစ္ဆာန်တွေမှာ ဖြစ်ပွားတက်တဲ့ ရောဂါတွေရဲ့ လက္ခဏာတွေက သိပ်မကွာခြားတတ်ဘူး။ ရောဂါလက္ခဏာကို အတည်ပြု ပြောကြားနိုင်ဖို့ဆိုတာ အပြင်ပုံစံကိုကြည့်ပြီး ပြောလို့ မရဘူး၊ ရောဂါနမူနာပစ္စည်းတွေကို ဓာတ်ခွဲခန်းကို ပေးပို့ပြီး စစ်ဆေးရပါတယ်။ ဓာတ်ခွဲခန်းက အတည်ပြု ပေးမှသာ ရောဂါအမည်ကို အတည်ပြုပြောကြားလို့ ရမှာဖြစ်တယ်”လို့ ပြောပါတယ်
ဧရာဝတီတိုင်းအတွင်းက တပိုင်တနိုင်ဝက်မွေးမြူတဲ့သူတွေအနေနဲ့ ဝက်တွေကို စနစ်တကျ ခြံခတ်မွေးမြူဖို့၊ အစာအာဟာရမျှတလုံလောက်အောင် မျှတစွာကျွေးဖို့နဲ့ ကူးစက်ရောဂါကြိုတင် ကာကွယ်ဆေးကိုလည်း သက်ဆိုင်ရာ မြို့နယ်အလိုက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး ဆေးထိုးတဲ့လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ လိုတယ်လို့ တိုက်တွန်းပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်က စတင်ကာ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဘက်မှာ ဝက် သေဆုံးမှုတွေ များလာတာကြောင့် ဝက်သားစျေးနှုန်း ၁ ပိဿာကို ၁၅၀၀ နှုန်းအထိ ကျဆင်းခဲ့ပြီး စားသုံးသူ ဦးရေ သိသိသာသာ ကျဆင်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေနဲ့ ဇူလိုင်လ ပထမပတ်မှ စတင်ကာ တိုင်းအတွင်းရှိ မွေးမြူရေးလုပ်ငန်း တပိုင်တနိုင်လုပ်ကိုင်သူတွေကို မြို့နယ်အလိုက် မွေးမြူရေး သင်တန်း ၅ ခုစီ သင်တန်းဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)