Homeမြန်မာသတင်း
မွန်ပြည်နယ်တွင် ဘတ်ဂျက်အခက်အခဲကြောင့် ပြည်ပပြန်များကို ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ တကြိမ်သာ စစ်မည်
မွန်ပြည်နယ်တွင် ဘတ်ဂျက်အခက်အခဲကြောင့် ပြည်ပပြန်များကို ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ တကြိမ်သာ စစ်မည်
DVB
·
July 5, 2020
ဘတ်ဂျက်နဲ့ လုပ်အားအရင်းအမြစ် အခက်အခဲကြောင့် နိုင်ငံရပ်ခြား ပြန်လာသူတွေမှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ တကြိမ်ပဲ စစ်ဆေးတော့မယ်လို့ မွန်ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနပြည်နယ် ဦးစီးမှူးက ပြောပါတယ်။
နိုင်ငံရပ်ခြား ပြန်လာသူတွေကို အရင်တုန်းကဆို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိကို အသွားအလာကန့်သတ် စောင့်ကြည့်ထားချိန် Quarantine Camp စရောက်ပြီး ၅ ရက်မှာ တကြိမ်၊ Quarantine Camp မှ မထွက်ခင် ၅ ရက်အလို တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ် စစ်ဆေးခဲ့တာပါ။
ဒါပေမဲ့ အဲဒီလိုစစ်ဆေးရာမှာ တစ်ကြိမ်စစ်ဆေးရင် လူတဦးကို ကျပ် ၂ သိန်းကျော် ကုန်ကျနေပါတယ်။ ဒါကြောင့် နိုင်ငံရပ်ခြား ပြန်လာသူတွေကို ဘတ်ဂျက်နဲ့ လုပ်အားအရင်းအမြစ် အခက်အခဲကြောင့် ကိုဗစ်-၁၉ ရောဂါး ရှိ၊ မရှိ တစ်ကြိမ်ပဲ စစ်ဆေးတော့မယ်လို့ မွန်ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရာမှာတော့ ရောဂါဖြစ်သူတဲ့ ထိတွေ့ခဲ့တဲ့သူတွေကို အရင်တိုင်း နှစ်ကြိမ် ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိကို မော်လမြိုင် ဓာတ်ခွဲခန်းမှာ ဇွန် ၄ ရက်နေ့ကတည်းက စတင်စစ်ဆေးပေးနေတာပါ။
အဲဒီလို စစ်ဆေးရာမှာ ရန်ကုန် ဓာတ်ခွဲခန်းရဲ့ အခက်အခဲကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက ကိုဗစ်-၁၉ လူနာတွေကို မော်လမြိုင် ဓာတ်ခွဲခန်းမှာ နေ့စဉ် စစ်ဆေးပေးနေတာလို့ မော်လမြိုင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာန တာဝန်ခံ ဒေါက်တာနီနီဟန်က ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိကို မော်လမြိုင်ဓာတ်ခွဲခန်းမှာ တစ်နေ့ကို လူဦးရေ ၃၀၀ နီးပါးအထိ စစ်ဆေးပေးနေတာ ဖြစ်ပါတယ်။
မော်လမြိုင်က ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးနေတဲ့ ဓာတ်ခွဲခန်းဟာ ဇီဝလုံခြုံမှုအဆင့် ၃ ရှိတဲ့ ဓာတ်ခွဲခန်း အမျိုးအစား ဖြစ်ပြီး ပိုးမွေးနိုင်တဲ့ အခန်းတွေလည်း ပါဝင်ပါတယ်။
ဇော်လွင်ထွဋ်