DVB Logo
Home
မြန်မာသတင်း
မိုးညိုမြို့က အကြမ်းဖက်မှုသံသယဖြင့် တရားစွဲခံရသူ ၅ ဦးကို ရုံးတင်စစ်ဆေး
DVB
·
May 22, 2013
Donate to DVB

ပဲခူးတိုင်း မိုးညိုမြို့မှာ ဗလီတလုံးအပါဝင် နေအိမ်တွေကို ဖျက်ဆီးမှုနဲ့ ဆက်စပ်ပြီး တရားစွဲဆိုထားတဲ့ ၅ ဦးကို ဒီကနေ့ မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ် ဆေးပါတယ်။

တရားစွဲဆိုခံရသူတွေဟာ မိုးညိုမြို့ပေါ်က အန်အယ်ဒီအဖွဲ့ဝင် ကိုနန်းထိုက် နဲ့ ကျန် ၄ ဦး ကတော့ မိုးညိုမြို့နဲ့ ၅ မိုင်လောက်ဝေးတဲ့ ၀ဲကြီးရွာနဲ့ သရက်တပင်ရွာတွေက ဖြစ်ပါတယ်။

တရားစွဲဆိုခံရသူတွေထဲမှာ သရက်တပင်ရွာက အသက် ၁၅ နှစ်အရွယ် စောမင်းဌေးကတော့ သူ့ကို စွပ်စွဲထားတဲ့အမှုဟာ မတရားကြောင်း အခင်းဖြစ်တဲ့နေ့က ရွာက ဘုန်းကြီးကို သွားကြိုရင်းနဲ့ ဘာမှ မသိဘဲ ဖမ်းဆီးခံခဲ့ရတာလို့ ပြောပါတယ်။

ဒါ့အပြင် ရဲစခန်းမှာလည်း ရဲတွေက ကိုယ်ထိလက်ရောက် စစ်ဆေးရိုက်နှက်ခဲ့တယ်လို့ ပြောပါတယ်။

“ဘုန်းကြီးနောက်ကို လိုက်လာတာကို မီးသတ်ရုံရှေ့ လမ်းပေါ်မှာ ဖမ်းတယ်။ ၃ ရက် မတရားရိုက်တယ်၊ အပြစ်မရှိဘဲနဲ့ ကျောက်ခဲပေါ် ဒူးထောက်ခိုင်းပြီး လက်ထိတ်ခတ်ပြီး ကန်တယ်။ နှာခေါင်းထဲက သွေးကျတယ်၊ မျက်နှာလည်း စုတ်ပြဲသွားတယ်။ သူတို့က ကုလားအိမ်တွေ ဖျက်တယ်ဆိုပြီး စွပ်စွဲတယ်။ ကျနော်တို့မှ မလုပ်တာ ပြန်ငြင်းရမှာပဲ။”

သူ့နဲ့အတူ ဖမ်းဆီးတရားစွဲဆိုခံရသူ ကိုလှစိုးကလည်း ပိုင်နက်ကျူးကျော်မှု ပုဒ်မ ၄၅၂ နဲ့ စည်းရုံးလှုံ့ဆော်မှုပုဒ်မ ၁၄၅ နဲ့ တရားစွဲဆိုထားပါတယ်။

သူတို့နှစ်ဦးဟာ ဆင်းရဲတဲ့အတွက် ရှေ့နေမငှားနိုင်ဘူးလို့ မိုးညိုမြို့ခံတဦးက ပြောပါတယ်။ ဒီကနေ့ တရားခွင်ကို တက်ရောက်နားထောင်ခဲ့တဲ့ သူက စစ်ဆေးချက်ကို ခုလို ပြောပါတယ်။

“ဒီကလေး ၂ ယောက်က အပြစ်မရှိတာ လုံးဝ ပေါ်လွင်နေတယ်။ ရဲကို ဥပဒေအရာရှိကစစ်တော့ ထွက်ချက်တွေက မမှန်ဘူး။ ကလေးတွေကို ဖမ်းတဲ့ရက်တွေလွဲနေတယ်။ ရှေ့နေတွေစစ်တော့ ရဲတွေမဖြေနိုင်တာများတယ်။ ခိုင်လုံတဲ့ အထောက်အထားတွေမရှိဘူး။ ပုဒ်မ ၁၄၅ က စည်းရုံးလှုံ့ဆော်မှု၊ ကလေးတွေက မိုးညိုမြို့နဲ့ ၅ မိုင်လောက်ဝေးတယ်။ ငြိနိုင်စရာအကြောင်းမရှိဘူး။ နောက် ပုဒ်မ ၄၅၂ က ပိုင်နက်ကျူးလွန်ဖျက်ဆီးမှု။ ကလေးတွေက မြို့ကို ဘုန်းကြီးကို လာကြိုတာ။ မီးသတ်ရုံနဲ့ ကုလားတွေအိမ်က အဝေးကြီး။ မီးသတ်ရုံမှာဖမ်းတာဆိုတော့ ပိုင်နက်ကျူးလွန်မှုလည်း မမြောက်ဘူးဖြစ်တယ်။”

သူတို့ရဲ့ အမှုတွေနဲ့ ပတ်သက်ပြီး လာမယ့် မေလ ၂၉ ရက်နေ့မှာ ရုံးချိန်းပြန်လည် ချိန်းဆိုထားပါတယ်။
ဖမ်ဆီးတရားစွဲဆိုခံထားရတဲ့သူ ၅ ဦးကို မေလ ၈ ရက်နေ့ ရုံးထုတ်ချိန်မှာ မြို့နယ်တရားရုံးက အာမခံနဲ့ လွှတ်ပေးထားပြီး အပြင်ကနေ တရားရုံးတက်နေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013