ကော့သောင်းတွင် ထိုင်းမှပြန်လာသူများကို Quarantine ထားရှိရန် နေရာအခက်အခဲ ရှိနေ
DVB
·
July 4, 2020
တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာသူတွေကို Quarantine ထားရှိဖို့ နေရာအခက်အခဲ ရှိနေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောပါတယ်။
ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းမှတဆင့် ကော့သောင်းနယ်စပ်ဂိတ်ကို ရွှေ့ပြောင်းအလုပ်သမား ၄၁ ယောက်အား ထိုင်းတာဝန်ရှိသူတွေက ဇူလိုင် ၂ ရက်က ထပ်မံ လွှဲပြောင်းပေးအပ်ခဲ့ပြီး နေရာ အခက်အခဲကြုံနေတယ်လို့ ဆိုပါတယ်။
“ကျနော်တို့မှာ အခု Quarantine ထားဖို့ နေရာ အခက်အခဲရှိတယ်။ ရောက်လာတဲ့သူတွေက အသစ်ပေါ့။ ဒါကတအုပ်စု အရင်ရောက်လာပြီး တို့ဖတ်မယူရသေးတာက တအုပ်စု၊ တို့ဖတ်ယူပြီးပြီ အဖြေမသိရသေးတာက တအုပ်စု၊ ဒီလိုသတ်သတ်စီခွဲထားရတော့ ကျနော်တို့ဆီမှာ နေရာအခက်အခဲတွေဖြစ်တယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ အားလုံးအဆင်ပြေအောင် စီစဉ်ပေးပါတယ်။ အားလုံး တို့ဖတ်အဖြေထွက်ပြီးမှ ပြန်လက်ခံမယ်၊ ကြားထဲမှာ ၁၀ ရက်လောက်တော့ ကြာဦးမယ်။”
နေရပ်ပြန်မြန်မာရွေ့ပြောင်းအလုပ်သမားတွေကို ထိုင်းဘက်ခြမ်း ရနောင်းနဲ့ မြန်မာဘက်ခြမ်း ကော့သောင်းမြို့မ တံတားစစ်ဆေးရေးဂိတ်မှာ လာရောက်လွှဲပြောင်းပေးအပ်ခဲ့တာပါ။
ပြန်လည်ဝင်ရောက်လာသူ ၄၁ ဦးကို ကျန်းမာရေးအဖွဲ့က ကိုယ်အပူချိန်တိုင်းတာ၊ Mask ဝေတာတွေပြုလုပ်ပြီး လဝကအဖွဲ့က နိုင်ငံသား ဟုတ်မဟုတ်စိစစ်တာနဲ့ ကိုယ်ရေးအချက် အလက် ကောက်ယူတာတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
FED ပညာရေးဖောင်ဒေးရှင်း အလုပ်သမားပညာပေး စင်တာကလည်း ပြန်ရောက်လာသူတွေကို တကိုယ်ရေသုံးပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ထိုင်းနိုင်ငံက ကော့သောင်းနယ်စပ်ဂိတ်ကို ပြန်လည်ဝင်ရောက်လာသူ စုစုပေါင်း ၁၀၀၀ နီးပါး ရှိသွားပြီလို့ အလုပ်သမားဦးစီးဌာနက သိရပါတယ်။
လတ်ကိုကိုဦး