မန်စီတီးအသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် ကစားသမာများကို ယာဂန်ကလော့ ကာကွယ်ပြောဆို

မန်စီတီးအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးလ်အသင်းသားတွေဟာ လုံလောက်တဲ့စိတ်အားထက်သန်မှုမျိုး မရှိခဲ့ဘူးဆိုတဲ့ ပြောဆိုချက်တွေကို လီဗာပူးနည်းပြ ယာဂန်ကလော့က ပယ်ချခဲ့ပါတယ်။  ဒီပွဲစဉ်မှာ အသင်းဟာ ရှုံးနိမ့်ခဲ့ပေမယ့် ကစားသမားတွေဟာ ကောင်းမွန်တဲ့ အခြေအနေတရပ်ကို ဖန်တီးပြသနိုင်ခဲ့တယ်လို့ သူကပြောပါတယ်။  လီဗာပူးအသင်းဟာ မန်စီတီးရဲ့ အီတီဟတ်ကွင်းကို ချန်ပီယံအသင်းသစ်အဖြစ် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကာ မန်စီတီးအသင်းသားတွေရဲ့ guard of honour အဖြစ်ဂုဏ်ပြုခြင်းကိုလည်း ရရှိခဲ့ပါတယ်။  ဒါပေမယ့် ဒီဂုဏ်ပြုမှုတွေ၊ ဂုဏ်ယူစရာအခိုက်အတန့်တွေဟာ ပွဲမစခင်သာဖြစ်ပြီးတော့ ပွဲစချိန်မှာတော့ ဂွါဒီယိုလာရဲ့အသင်းက လီဗာပူးအသင်းကို ဘက်ပေါင်းစုံက တိုးနှက်တိုက်ခိုက်ခဲ့ကာ ပွဲပြီးချိန်မှာ လေးဂိုး - ဂိုးမရှိဆိုတဲ့ရလဒ်နဲ့  ပြတ်ပြတ်သားသားချေမှုန်းခဲ့ပါတယ်။  ဂွါဒီယိုလာရဲ့အသင်းဟာ ပထမပိုင်းမှာတင် ဒီဘရိုင်း၊ စတားလင်း၊ ဖိုဒန်တို့ရဲ့သွင်းဂိုးတွေနဲ့ သုံးဂိုး ပြတ်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါဟာ စတုတ်စီးတီးအသင်းကို ခြောက်ဂိုး - တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း  လီဗာပူးအသင်းအတွက် ပထမဆုံးအကြိမ် ပထမပိုင်းအတွင်းဂိုးပြတ်ရှုံးနိမ့်မှုလည်း ဖြစ်ပါတယ်။  ချိန်ဘာလိန်ရဲ့  ကိုယ့်ဂိုးကိုယ်သွင်းယူမိခြင်းကြောင့် မန်စီတီးအသင်းဟာ စတုတ္တမြောက်အနိုင်ဂိုးကို ရရှိခဲ့တာဖြစ်ပါတယ်။  မာရက်ဇ်ရဲ့ ဂိုးကို VAR နဲ့ပယ်ဖျက်ခဲ့ခြင်းကြောင့်သာ လီဗာပူးအသင်းဟာ ခြောက်ဂိုးပြတ်နဲ့ ရှုံးနိမ့်မယ့် အရေးကနေ ကင်းလွတ်ခဲ့တာပဲဖြစ်ပါတယ်။  ဒီလိုအခြေအနေတွေကြောင့် ကလော့ရဲ့အသင်းဟာ ဒီပွဲအတွက် ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းမလုပ်ခဲ့ဘူး၊ ပရီးမီးယားလိဂ်ဖလားရသွားပြီ ဖြစ်တာကြောင့် ကောင်းကောင်းမကစားခဲ့တာလား ဆိုပြီး ဝေဖန်သံတွေ ပေါ်ထွက်လာခဲ့ပါတယ်။  ဒီအပေါ် ကလော့က “မန်စီတီးအသင်းက ယှဉ်ပြိုင်ဖို့ခက်ခဲတာ အားလုံးသိပြီးသားပါ။ ကျနော်တို့အနေနဲ့ တည်ငြိမ်မှုအားနည်းခဲ့ပါတယ်။ ကျနော်တို့အတွက်ကောင်းမွန်တဲ့ အခိုက်အတန့်  တွေ၊ အခွင့်အရေးတွေရှိခဲ့ပေမယ့် ကျနော်တို့ အသုံးမချနိုင်ခဲ့ပါဘူး။ ဒါ့ကြောင့်ဒီရလဒ်ကို လက်ခံရပါမယ်။ အသင်းရဲ့အခြေအနေကို သဘောကျတယ်လို့ထပ်ပြောလိုပါတယ်။ မန်စီတီးအသင်းက အရမ်းကောင်းနေပေမယ့် နောက်တစ်သင်းကရော ချန်ပီယံမဖြစ်နိုင်ဘူးလား။ မန်စီတီးအသင်းဟာ တကယ်  ကောင်းမွန်တဲ့အသင်းပါ။ ကျနော်သူတို့ရဲ့ တရာသီလုံးကို စောင့်ကြည့်ခဲ့ပြီး သူတို့ဟာ တစ်ပွဲမှ ခြေစွမ်းမဆိုးရွားခဲ့ပါဘူး”  လို့ ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up