DVB Logo
Home
မြန်မာသတင်း
တရုတ်ကွန်မြူနစ်ပါတီနှင့် အန်ဒီအက်ဖ်ပါတီ ဆွေးနွေး
DVB
·
May 22, 2013
တရုတ်ကွန်မြူနစ်ပါတီနှင့် အန်ဒီအက်ဖ်ပါတီ ဆွေးနွေး
Donate to DVB

တရုတ်ကွန်မြူနစ်ပါတီနဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီအကြား အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မယ့်ကိစ္စကို နှစ်ဖက်ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ် ယောင်ဟူလန်း (Yang Houlan) ဟာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (အန်ဒီအက်ဖ်) ရုံးခန်းကို မေလ ၂၀ ရက်နေ့က လာရောက်ပြီး ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီအဖွဲ့နဲ့ ဆွေးနွေးခဲ့တာလို့ ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

ဦးခင်မောင်ဆွေက “အမြင်ဖလှယ်တာ၊ ပါတီအချင်းချင်း ဆက်သွယ်တာ၊ ဆက်သွယ်တယ်ဆိုတာလည်း မူဝါဒရေးရာနဲ့ ဆက်သွယ်တာမဟုတ်ပါဘူး။ ပါတီရဲ့ လုပ်ကိုင်မှုတွေ၊ ပါတီကနေ တရုတ်ပြည်မှာရှိတဲ့ နိုင်ငံခြားဘာသာတက္ကသိုလ်ကိုသွားပြီးတော့ ဥပဒေ၊ နိုင်ငံရေး၊ နိုင်ငံတကာရေးတို့၊ စီးပွားရေးတို့ သင်တန်းတွေ တက်ဖို့၊ ကျနော်တို့ သွားတုန်းက ကမ်းလှမ်းထားတာ ရှိတယ်လေ။ အဲဒါကို ကျနော်တို့ရဲဘော်တွေကို လျှောက်စေချင်လို့ ဖောင်တွေ ဘယ်လိုတင်ရမလဲဆိုတာ မေးထားတာရှိတယ်။ နောက် မြန်မာနိုင်ငံကို အလေးထားတော့ ဒီမိုကရေစီမိတ်ဆွေပါတီတွေကို ဖိတ်ချင်တယ်ဆိုတော့ ဖိတ်ပါလို့ ဒါဆိုရင် အမြင်တွေဖလှယ်ခွင့် ပိုရှိသွားပြီး နားလည်မှု ပိုရသွားမယ်လို့ ပြောလိုက်ပါတယ်။”

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ လူမှုရေးကွန်ရက် ဖေ့ဘွတ်စာမျက်နှာမှာတော့ ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုတွေအပါအ၀င် လူမှုရေးနဲ့ ပါတီအချင်းချင်း အပြန်အလှန် ဆက်သွယ်တာတွေ ပိုအားကောင်းအောင် လုပ်ဖို့ ဆွေးနွေးခဲ့တယ်လို့ သံအမတ်ရဲ့ ပြောဆိုချက်ကို ကိုးကားရေးသားထားပါတယ်။

တရုတ်နိုင်ငံက အခုလို ပါတီနဲ့ ဆက်ဆံလာတဲ့အပေါ် ဦးခင်မောင်ဆွေက “တရုတ်တွေလည်း အခုသိသွားပြီပေါ့။ ဟိုတုန်းကတော့ စစ်အစိုးရနဲ့ ဆက်ဆံပြီးတော့ ကုလားထိုင်ပေါ်ကနေ နေရာမရွှေ့ဘဲ၊ ပြည်သူ့ဘက်မလှည့်ဘူးပေါ့။ အခုတော့ ပြည်သူ့အုပ်ချုပ်ရေးဘက်ရောက်ဖို့ တာစူပြီး ရွေ့လျားနေတော့ ပြည်သူကိုမျက်နှာမူရမယ်။ အစိုးရ အစိုးရချင်း မကတော့ဘူး။ ပြည်သူ ပြည်သူချင်း၊ အစိုးရနဲ့ ပြည်သူချင်းဆိုပြီး ဆက်ဆံမှုတွေ ကူးသန်းလာတဲ့ လက္ခဏာပေါ့။ ကျနော်တို့ ပါတီတွေကတော့ ကြားထဲက လူထုပွဲစားပေါ့။ ပြည်သူနဲ့ ချိတ်ဆက်ပေးဖို့၊ သူတို့အရင်းအနှီးတွေကို သက်သောင့်သက်သာဖြစ်ပြီး ပြဿနာမရှိဘဲနဲ့ ထင်သာမြင်သာဖြစ်သွားအောင်၊ နားလည်မှုတွေ ပိုရအောင် ထိတွေ့ဆက်ဆံတာလည်း ဖြစ်ပါတယ်။ သူတို့ပြောတာ ဒါတွေ ပါတယ်။ ကူညီပေးဖို့ပေါ့၊ ရေနံပိုက်လိုင်းကအစ ရင်းနှီးမြှုပ်နှံမှုအဆုံးပေါ့။ ပြည်သူနဲ့ ဘယ်လိုထိတွေ့ပြီး၊ ပြည်သူတွေနဲ့ နားလည်မှုရအောင်လုပ်နိုင်မလဲပေါ့။ ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လို ဆက်လက် ထူထောင်သွားမလဲ ဆိုတဲ့ မေးခွန်းတွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံတကာရေးရာ ဌာနရဲ့ ဖိတ်ခေါ်ချက်နဲ့ ပြီးခဲ့တဲ့လက တရုတ်နိုင်ငံကို သွားရောက်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ဦးခင်မောင်ဆွေလည်း လိုက်ပါသွားခဲ့ပါတယ်။

အစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ပြီးတဲ့နောက်ပိုင်း တရုတ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့လို အတိုက်အခံ နိုင်ငံရေး ပါတီတွေနဲ့ ထိတွေ့ဆက်ဆံလာပါတယ်။
အရင်ရက်ပိုင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တချို့ဟာလည်း တရုတ်နိုင်ငံကို သွားရောက်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013