မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ လူဦးရေစာရင်းတင်ပြလာပါက မဲစာရင်းတွင် ထည့်ပေးမည်

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေက လူဦးရေ စာရင်း တင်ပြလာပါက မဲစာရင်းမှာ ထည့်သွင်းပေးဖို့ အသင့်ရှိတယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူက ပြောပါတယ်။ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဟာ လာမယ့် ရွေးကောက်ပွဲအတွက် မဲစာရင်း ပြုလုပ်စုတဲ့ လုပ်ငန်းကို ပြီးခဲ့တဲ့နှစ်ကတည်းက စတင်လုပ်ဆောင်နေတာပါ။ အဲလို လုပ်ဆောင်ရာမှာ မဲစာရင်း ပြန်လည် စိစစ်တဲ့ လုပ်ငန်းကို လစဉ် ဆောင်ရွက်နေတာပါ။ ဒါပေမယ့် မွန်ပြည်နယ်ရဲ့ မဲစာရင်းထဲမှာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေက ကျေးရွာပေါင်း ၁၉ ရွာက မဲပေးနိုင်တဲ့ လူဦးရေ ၂၀၀၀ နီးပါး မပါဝင်သေးတဲ့အပေါ်မှာ ဝေဖန်မှု တချို့ ရှိနေတာပါ။ ဒါကြောင့် ကော်မရှင်အဖွဲ့ခွဲ့အနေနဲ့ မဲစာရင်း ပြုစုရာမှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တင်ပြလာတဲ့ လူဦရေး စာရင်းအပေါ် မူတည်ပြီး ပြုစုရတဲ့အတွက်ကြောင့် သူတို့ဆီက တင်ပြလာရင် မဲစာရင်းမှာ ထည့်သွင်းဖို့ အသင့်ရှိတယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမှာတော့ ကျေးရွာပေါင်း ၃၅ ရွာ ၊ အိမ်ထောင်စု ၆၀၀၀ ၊ လူဦးရေ ၃၀၀၀၀ နီးပါးလောက်ရှိနေတာပါ။ အဲဒီထဲမှာတော့ ကျေးရွာပေါင်း ၁၉ ရွာက မဲပေးနိုင်တဲ့ လူဦးရေ ၂၀၀၀ နီးပါး မှတ်ပုံတင်မရှိတဲ့အတွက် မဲစာရင်းထဲမှာ မပါဝင်သေးတာပါ။ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေက ပြည်သူတွေကို မှတ်ပုံတင်ရရှိရေးအတွက် လဝကနဲ့ ညှိနှိုင်းထားတယ်လို့ ရေးချောင်းဖျားဒေသ မှတ်ပုံတင်ရရှိရေး လှုပ်ရှားနေသူ ဦးလွင်က ပြောပါတယ်။ ဒါ့အပြင် မွန်ပြည်သစ် ထိန်းချုပ်နယ်မြေအတွင်းမှာတော့ မဲရုံ ၆ ရုံသာ ရှိတဲ့အတွက်ကြောင့် အရမ်းဝေးတဲ့ ရွာတွေက ပြည်သူတွေ မဲလာထည့်ဖို့  အခက်အခဲ ရှိနေတာပါ။ အဲဒါကြောင့် ရွာ ၅ ရွာမှာ မဲရုံ ၁ ရုံဆီ ထားပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေက ပြည်သူတွေ မှတ်ပုံတင်ရရှိရေးအတွက် သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် နိုင်ဗညားလယ်က DVB ကို ပြောပါတယ်။ ဇော်လွင်ထွဋ် 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up