မန္တလေးမြို့ အဓိကမီးပွိုင့်များတွင် နေပူခံအမိုးအကာများ အုပ်မိုးမည်
DVB
·
July 4, 2020
ရာသီဥတု ပူပြင်းလာတဲ့အတွက် မန္တလေးမြို့က အဓိက မီးပွိုင့်တွေမှာ နေပူခံ အမိုးအကာတွေ အုပ်မိုးဖို့ စီစဉ်နေတယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်ကတည်း ဧပြီလကတည်းက နေအပူရှိန်အောက်မှာ အကြာကြီး စောင့်ဆိုင်းရတဲ့ မီးပွိုင့်ကြီးတွေ၊ ယာဉ်ကြောကြပ်တည်းတဲ့နေရာတွေမှာ နေပူခံ အမိုးတွေ အုပ်ပေးခဲ့တာ ဖြစ်ပြီး အခုနှစ်မှာလည်း အုပ်မိုးပေးမယ်လို့ စည်ပင် ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။
"အထူးသဖြင့်တော့ မန္တလေးမြို့ဟာ ဆိုင်ကယ် အသုံးများတဲ့မြို့ဆိုတော့ မီးပွိုင့်တွေမှာ မီးနီတဲ့အချိန်တွေ ဆိုင်ကယ်ရပ်ပြီးတော့ စောင့်နေရတဲ့အချိန်မှာ နေအပူဒဏ် ခံရတဲ့အတွက်ကြောင့်မို့၊ ဒါကို အကာအကွယ် အထိုက်အလျှောက်ဖြစ်အောင်လို့ဆိုပြီးတော့ လမ်းဆုံတွေမှာ အပူကာတဲ့အမိုးတွေ မနှစ်က တပ်ပေးခဲ့ပါတယ်။ ရိုးရိုးသားသား ပြောရမယ်ဆိုလို့ရှိရင် ကျနော်တို့ မနှစ်ကတည်းက အဲ့ဒါတွေက အလှူရှင်တွေကလှူတာရော၊ ဝယ်ထားတာတွေရော၊အဆင်သင့် အကုန်လုံး၊တိုင်တွေရော၊စတီးလ်ကြိုးတွေရော၊အကုန်လုံး အဆင်သင့်ရှိထားပြီးသား၊လုပ်မယ်ဆိုလို့ရှိရင် ကောက်ဆင်လုပ်လိုက်ရုံပါပဲ၊ အဲ့ဒီတော့ မကြာခင်မှာ လုပ်ဖြစ်ဖို့များပါတယ်။ အနှေးနဲ့အမြန်တော့ ဒါကို လုပ်မှာပါခင်ဗျ။"
မန္တလေးမြို့က စေတနာရှင်၊ အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ ပြီးခဲ့တဲ့နှစ်က အဆောက်အဦဆောက်လုပ်ရာမှာ အသုံးပြုတဲ့ လေးပေအကျယ် အမိုးအစိမ်းရောင်တွေကို အသုံးပြုခဲ့တာပါ။
"ဒါတွေကို လုပ်မယ်ဆိုရင်တော့ အဓိကကျတဲ့ လမ်း ၈၀၊ ၂၆ လမ်းတို့၊ သိပ္ပံလမ်းတို့၊ နောက် ၃၅၊ ၇၈ တို့ အဲ့လို အသွားအလာများပြီးတော့ မီးပွိုင့်မှာ အကြာကြီးစောင့်ရတဲ့ နေကာတွေ ဒါတွေကိုပဲ ဦးစားပေးပြီးတော့ ပြန်လုပ်မှာပဲ" ဦးကျော်ဆန်းမြင့်က ပြောပါတယ်။
နေပူခံ အမိုးတွေကို နွေရာသီအပူရှိန်ပြင်းချိန်မှာသာ တပ်ဆင်ခဲ့တာဖြစ်ပြီး ကျန်အချိန်တွေမှာ ဖြုတ်ပြီး သိမ်းဆည်းထားခဲ့တာလည်း ဖြစ်ပါတယ်။
ထိန်ထိန်လင်း