Home
မြန်မာသတင်း
ဖားကန့်မြေပြိုမှုတွင် သေဆုံးဒဏ်ရသူထပ်တိုးလာ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ခက်ခက်ခဲခဲ ဆက်လက်ဆောင်ရွက်နေ 
နန်းမြနဒီ
·
July 3, 2020
106720725_2832929976847057_9096922960034683849_n
106382712_2833180116822043_4844779715435805188_n
106139753_2832930033513718_8291501800022736956_n
106088938_2833180123488709_1448609007003189257_n
105769044_2832929913513730_8403670332684906567_n
83380023_2832929970180391_1926156596771564273_n
83171294_2833180176822037_6304290235239173964_n
80254508_2832930046847050_3015123856833545720_n
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ ကျောက်မျက်လုပ်ကွက်တစ်ခုမှာ မနေ့က မိုးသည်းထန်စွာရွာသွန်းလို့ မြေပြိုကျရာမှာ သေဆုံးပျောက်ဆုံးနေသူတွေကို သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့တွေက  ဒုတိယနေ့အဖြစ် ခက်ခက်ခဲခဲ ဆက်လက်ရှာဖွေနေကြပါတယ်။  ဒီမနက် ၁၀ နာရီထိ သေဆုံးသူ စုစုပေါင်း ၁၆၆ ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ရှိထားပြီး ဒဏ်ရာရသူ ၅၄ ဦးကိုတော့ ဖားကန့်ဆေးရုံနဲ့ ဝှေခါတိုက်နယ်ဆေးရုံတွေမှာ ခွဲပြီးပို့ဆောင်ထား တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မြေပြိုမှုမှာ အသက်ဘေးကနေ လွတ်မြောက်လာသူတွေပြန်ပြောပြချက်အရ မနေ့မနက်က အဲဒီလုပ်ကွက်မှာ ကျောက်ရှာနေသူပေါင်း ၃၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။ ဒီနေ့မနက် မိုးတွေလည်းဆက်ရွာနေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ခက်ခက်ခဲခဲ လုပ်ဆောင်နေရတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဖားကန့်မြို့နယ်အတွင်းရေးမှူး စိုင်းနန္ဒာအောင်က ဒီဗွီဘီကို ပြောပါတယ်။  “အလောင်းဆယ်တာကတော့ ကျနော်လည်းပါတာပေါ့။ အခုမိုးတွေရွာနေတော့ ခက်ခက်ခဲခဲ ရှိနေရတယ်။ အန္တရာယ်တော့ များပါတယ်ခင်ဗျ။ ကျနော်တို့ စက်လှေကိုမသုံးဘဲ လှေပြားလေးနဲ့ပဲ လှော်သွားပါတယ်။ ရေကတော့ မြေစာပုံတွေကျထားလို့ သိပ်မနက်ဘူး။ ဒါပေမဲ့ အောက်မှာ နွံတွေချည်းဘဲ၊ ရေပေါ်မှာပေါ်မလာတဲ့အလောင်းတွေက နွံထဲမှာနစ်နေတာ၊ ချိတ်တွေနဲ့ထိုးပြီး ရှာရတယ်။ သူတို့နှာခေါင်းတွေ ပါးစပ်တွေထဲမှာ ရွံ့နွံတွေဝင်နေတယ်။ ကျောက်တုံးတွေ၊ မြေကြီးတွေပိခံထားရတော့ တချို့ အလောင်းက လက်ပါမလာဘူး။ တချို့က ခြေထောက်ပြတ်နေ တယ်။ အလောင်းတွေ့ရင် ကျွတ်ဗော ကွင်းနဲ့ အလောင်းနဲ့တွဲချည်တယ်၊  လှေနဲ့ဆွဲတယ်။” ပျောက်ဆုံးနေသူတွေကို ဖားကန့်မှာရှိတဲ့ မြို့နယ်အုပ်ချုပ်ရေး၊ မီးသတ်၊ ကြက်ခြေနီ၊ ရဲနဲ့ စစ်တပ်၊ လူမှုကယ်ဆယ်ရေးဌာနကဝန်ထမ်းတွေအပြင် အရပ်ဘက်လူမှုကူညီရေး ပရဟိတ အဖွဲ့တွေပါ စုစုပေါင်း အဖွဲ့ ၃၀ ကျော်က လူအင်အားရာနဲ့ချီ ဝိုင်းဝန်းရှာဖွေနေကြတာပါ။  ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာမှာ မနေ့မနက်က ၈ နာရီလောက်က  တစ်သုံးလုံး၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင်၊ ဧရာရတနာ လုပ်ကွက်ဟောင်း နေရာတွေမှာ မိုးရွာသွန်းမှုကြောင့် ဝှေခါလုပ်ကွက် ရေကန်အတွင်းသို့ လခူးချောင်ကျေးရွာဘက်ခြမ်း အမြင့်ပေ ၁၅၀၀ ခန့်ရှိ လုပ်ကွက်ကမ်းပါးယံပြိုကျပြီး ရေကန်တစ်ဖက်ခြမ်း လုပ်ကွက်ကမ်းပါးယံ ပေါ်မှာ ရေမဆေးကျောက် ရှာဖွေတူးဖော်နေသူများ နွံလှိုင်း ရိုက်ခတ်နစ်မြုပ်မှု ဖြစ်ပေါ်ခဲ့တာပါ။  မနေ့ကပြိုကျတဲ့ ကမ်းပါးယံဟာ အမြင့်ပေ ၁၀၀၀ ကျော်ရှိမယ် ခန့်မှန်းရပြီး ကျလာတဲ့ မြေထုထည်လွန်စွာကြီးမားတာကြောင့် ရေလှိုင်းကြီးက အပေါ်ကို ပေ ၂၀၀ ခန့်ထိ တက်သွား ကြောင်း၊ ဒါဟာ ဖားကန့်မြေပြိုမှုတွေထဲက အပြင်းထန်ဆုံးပြိုကျမှုလို့ ပြောနိုင်ကြောင်း ဖားကန့် ဒေသခံ ဆိတ်မူအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးရွှေသိန်းက ဒီဗွီဘီကို ပြောပါတယ်။  “ထိုးကျသွားတဲ့မြေထုက ဘယ်လောက်ထိပြင်းထန်လဲဆိုရင် ရေလှိုင်းတွေက ကောင်းကင် ထက်ကို ပေ ၂၀၀ လောက်ထိတက်သွားတာ။ အဲဒီအင်းရဲ့တဘက်ကမ်းမှာရှိနေတဲ့ အဲဒီနေရာကို မရောက်နိုင်ဘူးလို့ယူဆပြီးရပ်ကြည့်နေတဲ့  ငေးကြည့်နေတဲ့သူတွေကိုတောင် ရေလှိုင်းက ဆူနာမီ လိုပဲ ဆွဲချသွားတာလည်းကြုံရတယ်။ ဖားကန့်မှာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က မြေစာပုံပြိုတာ လူ ၁၁၄ ယောက်သေတယ်။ ဒီတခါ အဲဒီထက်ပိုများတော့ အဆိုးရွားဆုံးမြေပြိုမှုပဲလို့ ပြောလို့ ရတယ်။” သေဆုံးဒဏ်ရရသူတွေ အများစုဟာ မြန်မာနိုင်ငံအရပ်ရပ်ကနေလာပြီး ရေမဆေးကျောက် လာရှာတဲ့ လုပ်သားတွေဖြစ်ပြီး ဒေသခံတချို့လည်းပါဝင်ပါတယ်။  သေဆုံးသူတွေအထဲမှာ ရခိုင်ပြည်နယ်က လာရောက်အလုပ်လုပ်ကိုင်တဲ့ ရခိုင်တိုင်းရင်းသား ၆၆ ဦးပါဝင်တဲ့အကြောင်းနဲ့ အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် များစွာ စိတ်ထိခိုက်ဝမ်းနည်းကြေကွဲ ရတဲ့အကြောင်း ရခိုင်အမျိုးသားပါတီက ထုတ်ပြန်ကြေညာထားပါတယ်။  အဆိုပါဖြစ်စဉ်မှာ သေဆုံးခဲ့သူတွေနဲ့ ဒဏ်ရာရရှိသူတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေနဲ့  ထောက်ပံ့ ကူညီသွားမှာဖြစ်ပြီး သေဆုံးသူတွေ မည်သူမည်ဝါဖြစ်ကြောင်းနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ဆက်သွယ် စိစစ်ဆောင်ရွက်နေကာ အမြန်ဆုံးထောက်ပံ့သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ မြေပြိုမှုမှာ သေဆုံး၊ ဒဏ်ရာရခဲ့သူတွေရဲ့ မိသားစုတွေအတွက် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ကချင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ထောက်ပံ့ငွေကျပ် သိန်း(၅၀၀)၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ လုံးခင်း- ဖားကန့် တူးဖော်ရေးဌာနနဲ့ ဖားကန့် မြို့နယ်ကျောက်မျက်လုပ်ငန်းရှင်များအသင်းက ထောက်ပံ့ငွေ ကျပ် သိန်း(၅၀၀)၊ KNDPC ကျောက်မျက်ကုမ္ပဏီမှ ထောက်ပံ့ငွေကျပ် သိန်း(၁၀၀) စုစုပေါင်း ငွေကျပ်သိန်း ၁,၁၀ဝ ဒီနေ့မနက်က လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။ အလားတူ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစု ကိုယ်စား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်က ငွေကျပ်သိန်း ၅၀၀ နဲ့ ဆန်အိတ် ၁၀၀၊ ဆီ ၂၃၂ ပိဿာ၊ ဆား ၈၀ ပိဿာ၊ ပဲ ၃၀၀ ပိဿာတို့အား ကျင်းကမ်းပါး မြေပြိုဘေးသင့် ပြည်သူတွေအတွက် ပေးအပ်ခဲ့ ပါတယ်။ ဖားကန့်ဒေသမှာ ကျောက်စိမ်းလုပ်ကွက်တွေ အမြောက်အမြားရှိတဲ့အနက် ဆိတ်မူအုပ်စု ဝှေခါကျေးရွာဘက်မှာ ကျောက်ကြောပိုကောင်းပြီး အထွက်များတာကြောင့် ကျောက်လာ ရှာသူတွေ ထောင်သောင်းချီရှိပြီး မြေပြိုမှုလည်း အများဆုံးဖြစ်ပွားလေ့ရှိပါတယ်။  ဖားကန့်နယ်မြေမှာ ခွင့်ပြုချက်နဲ့ တရားဝင် ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီပေါင်း ၆၉ ခုရှိပြီး တူးဖော်ရရှိခဲတဲ့ ကျောက်စိမ်းအလေးချိန်စုစုပေါင်းမှာ ၃၀၇၂၄၄၅၅ ကီလိုဂရမ် နဲ့  ပတ္တမြား ၁၆၅ ဒသမ ၈၀ ကီလိုဂ ရမ်ရှိတယ်လို့  ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးက ပြုစုထားတဲ့ စာရင်းဇယားတွေအရ သိရပါတယ်။   ဖားကန့်ရတနာမြေမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ကျောက်မျက်တူးဖော်မှု တွေကို နှစ်ပေါင်းများစွာ စက်ယန္တရားကြီးတွေအသုံးပြုပြီး အကြီးအကျယ် လုပ်ကိုင်နေကြတာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024