#SheCounts ကမ်ပိန်း၌ အကယ်ဒမီ အေးမြတ်သူနှင့် နာမည်ကျော်များ ပါဝင်
DVB
·
July 3, 2020
အမျိုးသမီးတွေ တန်းတူညီမျှအခွင့်အရေးရရှိနိုင်စေရေးအတွက် ထောက်ခံအားပေးတဲ့ အနေနဲ့ ပြုလုပ်တဲ့ #SheCounts ကမ်ပိန်းမှာ သရုပ်ဆောင် အကယ်ဒမီ မင်းသမီး အေးမြတ်သူနဲ့ နာမည်ကျော်တွေ ပါဝင်လှုပ်ရှားနေကြပါတယ်။
ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့(UNFPA Myanmar) က ဦးဆောင်တဲ့ ဒီကမ်ပိန်း က လူ့အဖွဲ့အစည်းတွေထဲက မိန်းကလေးငယ်တွေရဲ့တန်ဖိုးကို တန်းတူအလေးမထား၊ ကျား/မ တန်းတူ ညီမျှမှုကို အားမပေးတဲ့ သဘောထားတွေနဲ့ အမျိုးသမီးတွေအပေါ် အန္တရာယ်ရှိ စေနိုင်တဲ့ အပြုအမူတွေကို ပြောင်းလဲတွန်းလှန်နိုင်ဖို့ ရည်ရွယ်ကျင်းပတာလို့ ဆိုပါတယ်။
အေးမြတ်သူကတော့ “မြတ်လေး အခုလို ယုံကြည်မှုအပြည့်နဲ့ အလုပ်တွေ လုပ်နိုင်တာက အမေကြောင့်ပါ။ မေမေက ကိုယ့်ဘ၀ ကိုယ့်အနာဂတ်ကို တည်ဆောက်တတ်ဖို့ သင်ပေးခဲ့လို့ပဲ မြတ်လေး အလုပ်တွေအပေါ် အပြည့်အ၀ ဦးစားပေး အာရုံစိုက်နိုင်တာပါ”လို့ သူ့မိခင်နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတပုံနဲ့အတူ ရေးသားဖော်ပြထားခဲ့ပါတယ်။
ဒီကမ်ပိန်းမှာတော့ အေးမြတ်သူနဲ့အတူ တခြားနာမည်ကျော်တွေဖြစ်တဲ့ သရုပ်ဆောင် မင်းသမီး အေးဝတ်ရည်သောင်း၊ မော်ဒယ် သန္တာလှိုင်၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ အထွေထွေအတွင်းရေးမှူး လွေးပိုးငယ်၊ ကျား/မ ရေးရာတန်းတူညီမျှရေးကွန်ရက် ဒါရိုက်တာ ဒေါ်မေစံပါယ်ဖြူတို့လည်း ပါဝင်နေကြတာကို တွေ့ရပါတယ်။
မော်ဒယ် သန္တာလှိုင်ကတော့ သူ့ရဲ့ သားနဲ့ သမီး ၂ ယောက်နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံ တပုံနဲ့အတူ ဒီကမ်ပိန်းမှာ ပါဝင်လာခဲ့ပြီး သမီးနဲ့ သားကို တန်းတူညီမျှ အခွင့်အလမ်းတွေ ပေးသလို မိန်းကလေးငယ်လေးတွေအားလုံးလည်း တန်းတူညီမျှ အခွင့်အရေးတွေ ရရှိနိုင်ဖို့ ထောက်ခံအားပေး တယ်လို့ ဖော်ပြထားပါတယ်။
ဒီကမ်ပိန်းမှာ ပါဝင်နိုင်ဖို့ ကိုယ်တန်ဖိုးထားတဲ့ အမျိုးသမီးရဲ့ ဓာတ်ပုံကို Facebook Timeline ပေါ်မှာ သူ့ကို လေးစားတန်ဖိုးထားရတဲ့ အကြောင်းနဲ့အတူ #SheCounts လို့ ရေးသားပြီး မျှဝေဖို့ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။