Home
မြန်မာသတင်း
မောင်တောရှိ ကိုဗစ်-၁၉ လူနာအမှတ် ၂၄၈ ကို စတုတ္ထအကြိမ်စစ်ဆေးရာ၌ ပိုးတွေ့ရှိ
DVB
·
July 3, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာအမှတ် ၂၄၈ ကို စတုတ္ထအကြိမ် စစ်ဆေးရာမှာ ပိုးတွေ့ရှိနေသေးကြောင်း မောင်တောခရိုင်ကျန်းမာရေးဌာနက သိရပါတယ်။ မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက "လူနာအမှတ် ၂၄၈ ရဲ့ နှာခေါင်းနဲ့အာခေါင်တို့ဖတ်တွေကို စတုတ္ထအကြိမ် ဓာတ်ခွဲစစ်ဆေးရာမှာ Positive ဖြစ်နေပါသေးတယ်။ ရောဂါပိုးမတွေ့တဲ့အထိ စစ်ဆေးသွားရမှာ ဖြစ်တယ်"လို့ ပြောပါတယ်။ အဆိုပါလူနာအမှတ် ၂၄၈ ဟာ စေတီပြင်ကျေးရွာသားဖြစ်ပြီး  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ သူရဲ့သားသမီးတွေရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင်ဒုက္ခသည်စခန်းသို့ သွားရောက်လည်ပတ်နေထိုင်ခဲ့ရာက ရောဂါကူးစက်ခံခဲ့ရဖြစ်ပါတယ်။ ဇွန်လ ၂ ရက်နေ့မှာ သရက်အုပ်ကျေးရွာ ချောင်းပေါက်မှ မောင်တောမြို့နယ်သို့ ပြန်လည်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ရွှေစားကျေးရွာအုပ်စု၊ ကမ်းပိုင်နားကျေးရွာက လူနာအမှတ် ၂၄၇ အမျိုးသမီးကတော့ တတိယအကြိမ် စစ်ဆေးရာမှာ Negative ဖြစ်ပြီး ဆေးရုံမှဆင်းခွင့်ရရှိကာ လှဖိုးခေါင်စခန်းမှာ Quarantine ၂၁ ရက်နေထိုင်နေပါတယ်။ အဆိုပါ လူနာ ၂ ဦးဟာ မောင်တောမြို့မှာ တတိယမြောက်နဲ့ စတုတ္ထမြောက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိထားသူတွေ ဖြစ်ပါတယ်။ သူတို့နဲ့ ထိတွေ့ခဲ့သူ ၉ ဦးရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေကို  ဓာတ်ခွဲ စစ်ဆေးရာမှာ ပထမအကြိမ်ပိုးမတွေ့ရသလို ဒုတိယအကြိမ်စစ်ဆေးရာမှာလည်း ပိုးမတွေ့ရှိတဲ့အတွက် အိမ်ပြန်ခွင့်ရရှိသွားကြပြီ ဖြစ်ပါတယ်။ လက်ရှိမှာ မောင်တောခရိုင်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၇ ဦးအနက် ၃ ဦး ဆေးရုံမှ ဆင်းခွင့်ရရှိသွားပြီး  လူနာ ၄ ဦးကျန်ရှိနေပါသေးတယ်။ သတင်း - လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024