ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရန် ပုံစံ (၁၅) စတင်ထုတ်ယူနိုင်ပြီ
DVB
·
July 3, 2020
၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်ပရောက်မဲဆန္ဒရှင်တွေ ကြိုတင်ဆန္ဒမဲ လက်မှတ်နဲ့ ဆန္ဒမဲပေးနိုင်ဖို့ ဇူလိုင် ၃ ရက်ကစပြီး သက်ဆိုင်ရာသံရုံးတွေမှာ ပုံစံ (၁၅) တွေကို စတင်ထုတ်ယူနိုင်ပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။
ပုံစံ(၁၅) တွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် Website၊ နိုင်ငံခြားရေး ဝန်ကြီးဌာန Website နဲ့ သက်ဆိုင်ရာသံရုံး Website တွေမှာလည်း Download ရယူနိုင်ပါတယ်။
ပြည်ပရောက် မဲဆန္ဒရှင်တွေ အချက်အလက် ဖြည့်သွင်းပြီးတဲ့ ပုံစံ (၁၅) တွေကိုတော့ ဇူလိုင် ၁၆ ရက်မှ ဩဂုတ် ၅ ရက်နေ့အထိ သက်ဆိုင်ရာသံရုံးတွေကို ပြန်လည် ပေးပို့ရမှာဖြစ်ပါတယ်။
အသက် ၁၈ နှစ်ကျော်တဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်ဆန္ဒမဲပေးနိုင်ဖို့ ပြည်ပနိုင်ငံအသီးသီးရှိ မြန်မာသံရုံးတွေကလည်း သက်ဆိုင်ရာ သံရုံးလူမှုကွန်ရက်စာမျက်နှာတွေမှာ အသိပေး ထုတ်ပြန်ထားပါတယ်။
သံရုံးတွေအနေနဲ့ ပြန်လည်လက်ခံရရှိတဲ့ ပြည့်စုံစွာဖြည့်စွက်ထားတဲ့ ပုံစံ (၁၅) တွေကို နိုင်ငံခြားရေးဌာနကတဆင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ဆက်လက်ပေးပို့ သွားမယ်လို့ လည်းဆိုပါတယ်။
ကမ္ဘာအနှံ့ မြန်မာသံရုံးနဲ့ ကောင်စစ်ဝန်ရုံးရှိတဲ့ မြို့ပေါင်း ၄၀ ကျော်ရှိရာမှာ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက ပြည်ပနိုင်ငံတွေကနေ ကြိုတင်မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်အရေအတွက်ဟာ ၃၀၀၀၀ ကျော်လောက်ပဲ ရှိတယ်လို့ ကော်မရှင်ထံက သိရပါတယ်။
ပြည်ပနိုင်ငံတွေမှာ တရားဝင်ရော၊ တရားမဝင်ပါ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားအရေအတွက်ဟာ ထိုင်းနဲ့မလေးရှားနိုင်ငံမှာတင် ၄ သန်းလောက်ရှိနေပြီး သူတို့ရဲ့ မဲပေးပိုင်ခွင့်ဟာ လက်ရှိအချိန်အထိ မသေချာသေးဘူးလို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့က ပြောထားပါတယ်။