ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ရန် ရွေးကောက်ပွဲကော်မရှင် အသိပေးကြေညာ
DVB
·
July 3, 2020
မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်တွေ ကြိုတင်ဆန္ဒမဲပေးနိုင်ဖို့အတွက် သက်ဆိုင်တဲ့ သင်တန်း၊ ကျောင်း၊ ဆေးရုံတွေ အချုပ်ခန်းတွေမှာ အောက်တိုဘာ ၈ ရက်နေ့မှ ၂၁ ရက်အတွင်း သင့်လျော်တဲ့ရက် ဆောင်ရွက်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အသိပေးကြေညာလိုက်ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပြည်တွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်တွေ ကြိုတင်ဆန္ဒမဲပေးနိုင်ဖို့ ဆောင်ရွက်ရမှာတွေနဲ့ ပတ်သက်ပြီး ကော်မရှင်က ဇူလိုင် ၂ ရက်နေ့ ရက်စွဲနဲ့ အသိပေးကြေညာလိုက်တာပါ။
ကြိုတင်ဆန္ဒမဲပေးနိုင်ဖို့အတွက် သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်း အကြီးအမှူးတွေဟာ မိမိတို့ ဌာနတည်ရှိရာ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေနဲ့ ဆက်သွယ်ပြီး ပုံစံ(၁၅) တွေကို တောင်းခံရမှာဖြစ်ပါတယ်။
ဒီနောက် မဲဆန္ဒရှင်တွေက ဖြည့်သွင်း ပြီးတဲ့ ပုံစံ (၁၅) တွေကို သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေထံ ဩဂုတ် ၂၆ ရက်နေ့ အရောက် ပေးပို့သွားရမှာဖြစ်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက ကြိုတင်ဆန္ဒမဲလက်မှတ်နဲ့ စာအိတ်တွေကို သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းများသို့ အောက်တိုဘာ ၇ ရက်နေ့ အရောက် ပေးပို့ရမှာဖြစ်ပါတယ်။
ဒီနောက် သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းတွေမှာ အောက်တိုဘာ ၈ ရက်နေ့မှ ၂၁ ရက်အတွင်း သင့်တော်တဲ့ရက်မှာ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။
သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်း အကြီးအမှူးတွေအနေနဲ့ ကြိုတင်ဆန္ဒမဲ ပေးမယ့်ရက်ကို မိမိတို့ဌာနတည်ရှိရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတွေထံ အနည်းဆုံး (၃) ရက် ကြိုတင် အကြောင်းကြားပြီး ညှိနှိုင်းဆောင်ရွက်သွားရမယ်လို့ဆိုပါတယ်။
ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲလက်မှတ်ပါစာအိတ်တွေကို သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတွေထံ ရွေးကောက်ပွဲကျင်းပတဲ့နေ့ နိုဝင်ဘာ ၈ ရက် ညနေ ၄ နာရီ ထက် နောက်မကျဘဲ အရောက်ပေးပို့သွားရမှာဖြစ်ပါတယ်။
ဆေးရုံတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ အကျဉ်းဦးစီးဌာနအောက်ရှိ ရဲအချုပ်စခန်း၊ အကျဉ်းစခန်းတွေမှာ ဩဂုတ် ၂၆ ရက် နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံတက်ရောက်ကုသရသူတွေနဲ့ အချုပ်ခံနေရသူတွေ ရှိပါက သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
သက်ဆိုင်ရာ မဲဆန္ဒနယ် ပြင်ပတွင်ရောက်ရှိနေတဲ့ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းတွေရှိ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေဖို့ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေနဲ့ သက်ဆိုင်ရာအကြီးအမှူးတွေက ပူးပေါင်းဆောင်ရွက်ကြဖို့လည်း ကော်မရှင်က တိုက်တွန်းထားပါတယ်။
၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ကြေညာထားပြီး မဲဆန္ဒနယ်တွေကိုလည်း ထုတ် ပြန်ထားပြီးဖြစ်ပါတယ်။