DVB Logo
Home
မြန်မာသတင်း
မန္တလေးအခြေစိုက် ပုဂ္ဂလိကသတင်းစာတိုက် ပိတ်သိမ်း
DVB
·
May 22, 2013
မန္တလေးအခြေစိုက် ပုဂ္ဂလိကသတင်းစာတိုက် ပိတ်သိမ်း
1 / 2
Donate to DVB

မန္တလေးမြို့အခြေစိုက် ထုတ်ဝေဖို့ရှိတဲ့ ပုဂ္ဂလိကနေ့စဉ်သတင်းစာတစောင်ဟာ စမ်းသပ်ထုတ်ဝေနိုင်ခြင်း မရှိသေးခင်မှာ သတင်းစာတိုက် ချိပ်ပိတ်ခံလိုက်ရပါတယ်။

မြန်မာဓိကလို့ အမည်ရတဲ့ ပုဂ္ဂလိကနေ့စဉ်သတင်းစာ ထုတ်ဝေဖို့အတွက် တိုက်ခန်းငှားရမ်းပြီး အွန်လိုင်းသတင်းတင်နေတုန်း အစုရှယ်ယာရှင် ၂ ဦးက မေလ ၁၇ ရက်ညပိုင်းမှာ တိုက်ကို လာရောက် ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။

[caption id="attachment_39738" align="alignleft" width="300" caption="မြန်မာဓိကသတင်းစာ ဖေ့ဘွတ်စာမျက်နှာ"][/caption]

ဒီအကြောင်း သတင်းစာဖြစ်မြောက်ရေး ၀ိုင်းဝန်းကူညီရေးသားပေးနေတဲ့ စာနယ်ဇင်းဆရာ မင်းထက်ငြိမ်းချမ်းက “၁၇ ရက် ၅လ ၂၀၁၃ ခုနှစ်က ရှယ်ယာရှင်တွေထဲမှာပါတဲ့ ကိုအားလုံဆိုတဲ့ တရုတ်အမျိုးသားတယောက်နဲ့ ကိုဆူးမြင့်သိန်းဆိုတဲ့ ပန်းပုဆရာတို့က မနက် ၅ နာရီမှာ ရုတ်တရက်ကြီး ရောက်ရှိလာပြီး အဲဒီတိုက်မှာ စောင့်အိမ်နေတဲ့ ၀န်ထမ်း ကိုသန်းဇော်နဲ့ ကိုအေးမင်းထိုက် ကွန်ပျူတာပညာရှင်တို့ကို အပြင်ထွက်ခိုင်းပြီး သော့ခတ်တယ်။ သူတို့က မေးတယ်။ ဘာအတွက်လဲဆိုတော့ စာရွက်တရွက်ကို ပြတယ်။ စာရွက်မှာ အသင့်ရိုက်လာတဲ့ သူတို့နှစ်ယောက်လက်မှတ်ရေးထိုးထားတဲ့ဟာ ကျနော် အကြမ်းဖျင်းနားလည်တာကတော့ မြန်မာဓိက သတင်းစာကို ရှယ်ယာရှင်၊ လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းစရာရှိတဲ့အတွက် ခေတ္တခဏ ပိတ်ထားလိုက်တယ်၊ အောက်မှာ လက်ရေးနဲ့ရေးထားတာက ၀န်ထမ်းများ ၁၉ ရက်နေ့ လစာလာပြီး ထုတ်ယူပါဆိုပြီး ပါတယ်” လို့ ဆိုပါတယ်။

သတင်းစာထုတ်ဝေဖို့ အစုရှယ်ယာဝင်ထားသူ ၇ ဦးရှိပြီး ၁ ဦးကို ငွေကျပ်သိန်း ၅၀ စီ ထည့်ဝင်ထားကြတာလို့ ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာဓိကသတင်းစာထုတ်ဝေသူ ဦးဆူးမြင့်သိန်းက “လောလောဆယ် ဒါကို ရပ်ဆိုင်းထားဦးမယ်။ ရှယ်ယာရှင်တွေကို အကုန်ရှင်းပြီးပါပြီ။ ပထမရှယ်ယာရှင်၊ ဒုတိယရှယ်ယာရှင် ၂ အုပ်စုရှိပါတယ်။ အကုန်လုံးကို ရှင်းပြီးပါပြီ။ လက်ရှိမှာ ကျနော်တို့ ၀န်ထမ်းတွေကို ပိတ်လိုက်တဲ့ရက်အတွက် မနစ်နာအောင်၊ ၁၇ ရက်မှာ ပိတ်လိုက်ပေမယ့် လကုန်အထိ လစာအပြည့် ၁ လစာ ထုတ်ပေးပါတယ်။” လို့ ပြောပြပါတယ်။

မြန်မာဓိကသတင်းစာ ရပ်ဆိုင်းမယ့်အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲတခု မန္တလေးမြို့မှာ ဒီနေ့ ပြုလုပ်သွားဖို့ရှိကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လအတွင်း ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာဓိကသတင်းစာ ထုတ်ဝေခွင့် ပြုခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ် ဧပြီလကုန်အထိ ပုဂ္ဂလိကသတင်းစာပေါင်း ၂၆ စောင် ထုတ်ဝေခွင့်ပြုထားပြီး ဖြစ်ပါတယ်။ ဒီနေ့ထိ ပုဂ္ဂလိကသတင်းစာ ၁၀ စောင်လောက် ထုတ်ဝေဖြန့်ချိနေပြီး သတင်းစာအားလုံး ရန်ကုန် အခြေစိုက် ထုတ်ဝေနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013