ရုရှားအခြေခံဥပဒေပြင်ဆင်ရေး ဆန့်ကျင်ဆန္ဒပြမှုများ မော်စကိုမြို့တော်တွင်ဖြစ်ပွား

ရုရှားနိုင်ငံမှာ သမ္မတ ဗလာဒီမီယာပူတင်ရဲ့အုပ်ချုပ်မှု သက်တမ်းကို တိုးနိုင်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဆန့်ကျင်တဲ့အနေနဲ့ စိန့်ပီတာစဘတ်မြို့နဲ့ မော်စကိုမြို့တော်တို့မှာ ဆန္ဒပြသူတွေ ဇူလိုင် လ ၁ ရက်က စုဝေးခဲ့ကြပါတယ်။ လူထုဆန္ဒခံယူပွဲ ကျင်းပအပြီး မဲလေးပုံတပုံကျော်ကို ရေတွက်ပြီးချိန်မှာ ရုရှားမဲဆန္ဒရှင် ၇၃ ရာခိုင်နှုန်းက အခြေခံဥပဒေအပြောင်းအလဲကို ထောက်ခံခဲ့ကြပါတယ်။  ရုရှားနိုင်ငံကို ဝန်ကြီးချုပ်အဖြစ်နဲ့ရော သမ္မတအဖြစ်နဲ့ပါ နှစ်၂၀ကျော်ကြာ အုပ်ချုပ်ခဲ့တဲ့ ပူတင်ဟာ နောက်ထပ် သမ္မတသက်တမ်း ၂ ဆက်ထိ ဆက်ပြီး ပြိုင်ခွင့်ရပြီး နောက်ထပ် ၁၆ နှစ်ထိ သမ္မတအဖြစ် ဆက်နေနိုင်မယ့် အခွင့်အရေးကို ပူတင်က ရယူနိုင်လိမ့်မယ်လို့ မဲရလဒ်တွေက ညွှန်ပြနေ ပါတယ်။  ပူတင်ကတော့ သူ့အနာဂတ်အတွက် မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။ အကဲခတ်တွေ ကတော့ ပူတင်ဟာ မကြာခင်အာဏာကျဆင်းမယ့် နိုင်ငံရေးသမားအဖြစ်ကနေ ရှောင်ရှားဖို့ သူ့ရဲ့ ရွေးချယ်ခွင့်ကို ဆက်ပြီး ဖွင့်ထားချင်တာ ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။  ဝေဖန်သူတွေကတော့ ပူတင်ဟာ ထပ်ပြီး ရွေးကောက်ပွဲ ဝင်လိမ့်ဦးမယ်လို့ ပြောပါတယ်။ မဲပေးပွဲတွေကို စောင့်ကြည့်တဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ဂိုလော့စ်ကတော့ မဲရ လဒ်ကို တရားဝင် အတည်မပြုနိုင် သေးဘူးလို့ ပြောပါတယ်။ ရုရှားဗဟိုရွေးကောက်ပွဲကော်မရှင်အကြီးအကဲ အယ်လာ ပမ်ဖှီလိုဗာကတော့ မဲပေးတဲ့ ဖြစ်စဉ် တလျှောက်မှာ ဥပဒေချိုးဖောက်မှု ကြီးကြီးမားမား မရှိဘူးလို့ ဇူလိုင်လ ၁ ရက်မှာ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up