ရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီ တိုင်းနှင့်ပြည်နယ် ၅ ခုအထိ တိုးချဲ့ယှဉ်ပြိုင်မည်
DVB
·
July 2, 2020
ပေါင်းစည်းထားတဲ့ မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ်လောင်းတွေကို ဇူလိုင်လကုန်အပြီး ရွေးချယ်ပြီး လာမယ့် ရွေးကောက်ပွဲမှာ တိုင်းနဲ့ပြည်နယ် ၅ ခုအထိ တိုးချဲ့ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။
မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ပါတီ တည်ထောင်လိုသူ အစုအဖွဲ့အပါအဝင် အစုအဖွဲ့ ၄ စု ပေါင်းစည်းထားတဲ့ မွန်ညီညွတ်ရေးပါတီဟာ လာမယ့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတာပါ။
လက်ရှိမှာတော့ ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်တွေကို မြို့နယ်အဆင့်မှာ လိုက်လံရှင်းပြနေပြီး ကိုယ်စားလှယ်လောင်းတွေကိုလည်း စတင်ခေါ်ယူနေပါတယ်။
ပါတီအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူး၊ ရန်ကုန်တိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ မွန်ညီညွတ်ရေးပါတီ တွဲဘက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောပါတယ်။
လတ်တလော အခြေအနေအရ မွန်ပြည်နယ်ရဲ့ မြို့နယ် ၇ ခု၊ ကရင်ပြည်နယ်မှာ မြို့နယ် ၃ ခု၊ တနင်္သာရီတိုင်းရဲ့ မြို့နယ် ၄ ခု၊ ရန်ကုန်တိုင်းက မြို့နယ် ၂ ခုအပြင် ပဲခူတိုင်းရဲ့ မြို့နယ် ၁ ခုမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အဲဒီတိုင်းနဲ့ပြည်နယ် ၅ ခုမှာ ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်မှုအပေါ် မူတည်ပြီး ဝင်ရောက် ယှဉ်ပြိုင်မယ့်နေရာ တိုးလာဖို့ ရှိနေတာပါ။
ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာတော့ အရည်းအချင်းတူရင် လူငယ်နဲ့ အမျိုးသမီးကို ဦးစားပေးသွားမယ်လို့ မွန်ညီညွှတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမ က ပြောပါတယ်။
ပါတီရဲ့ ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်မှာတော့ ဥပဒေ၊ အဆို တင်သွင်းမှုနဲ့ ဘဏ္ဍာရေးစီမံကိန်းနဲ့ စီမံခန့်ခွဲမှုတွေမှာ လုံလောက်တဲ့ ပညာရေး အရည်အချင်းတွေအပြင် ဒေသခံတွေ လိုလားတဲ့ ကိုယ်စားလှယ်လောင်းတွေကို ဦးစားပေးမယ်လို့ ဆိုပါတယ်။
မွန်ညီညွှတ်ရေးပါတီဟာ ပါတီ မပေါင်းစည်းခင် ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာတိုင်းတွေမှာသာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။
မွန်ညီညွှတ်ရေးပါတီဟာ ပါတီ ပေါင်းစည်းပြီးနောက် ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာ တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရရှိထားပါတယ်။
ဇော်လွင်ထွဋ်