အာဆင်နယ်နိုင်ပွဲဆက်ပြီး ချဲလ်ဆီးက ဝက်စ်ဟမ်းကို နောက်ကျဂိုးဖြင့် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အာဆင်နယ်အသင်းနိုင်ပွဲရခဲ့ပြီး ချဲလ်ဆီးအသင်း ရှုံးပွဲတွေ့ခဲ့ပါတယ်။  အာဆင်နယ်က အမှတ်ပေးဇယားအောက်ဆုံးက နောဝှစ်ချ်နဲ့ အီမရိတ်ကွင်းမှာ ကစားခဲ့ပြီး ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။  တိုက်စစ်မှူး အူဘာမီယန်းက ၂ ဂိုး၊ ကွင်းလယ်လူ ချာကာနဲ့ ပထမဆုံးအကြိမ် ပါဝင်ကစားခဲ့တဲ့ နောက်ခံလူ ဆိုအာရက်စ်တို့က တစ်ဂိုးစီသွင်းယူခဲ့တာပါ။  ချဲလ်ဆီးအသင်းက ဝက်စ်ဟမ်းအသင်းရဲ့ လန်ဒန်ကွင်းမှာ သွားရောက်ကစားခဲ့ရာမှာ ၂ ဂိုး ၃ ဂိုးနဲ့ ရှုံးပွဲ တွေ့ခဲ့တာပါ။  ဝီလီယံက ပင်နယ်တီကနေ တစ်ဆင့် ဦးဆောင်ဂိုးစတင်သွင်းယူခဲ့ပေမယ့် ပထမပိုင်း ပြီးခါနီးမှာဆို ရှုချက်ခ်က ဝက်စ်ဟမ်းအတွက် ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အန်တိုနီယိုက ဝက်စ်ဟမ်းအတွက် ဦးဆောင်ဂိုးသွင်းခဲ့ပြီး ဝီလီယံက ဖရီးကစ်ကနေ ပြန်လည်ချေပခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ယာမိုလန်ကိုက ဝက်စ်ဟမ်းအတွက် အနိုင်ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။  ဘောလုံးပွဲတွေ ပြန်လည်စတင်ပြီးနောက်ပိုင်း ချဲလ်ဆီးအသင်း ပထမဆုံးရှုံးပွဲတွေ့ခဲ့ရ တာဖြစ်ပါတယ်။ နိုင်ပွဲရခဲ့တဲ့ ဝက်စ်ဟမ်းက တန်းဆင်းဇုန်ကနေ တက်လှမ်းလာခဲ့ပြီး အဆင့် ၁၆ နေရာမှာရပ်တည်ခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up