လက်ပံတန်း-သာရဝေါ လော်ကယ်ရထား ပြန်လည်ပြေးဆွဲ
DVB
·
July 1, 2020
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း ခေတ္တရပ်တန့်ထားတဲ့ လက်ပံတန်း-သာရဝေါ လော်ကယ်ရထားကို ဇူလိုင် ၁ ရက်က စပြီး ပြန်လည်ပြေးဆွဲတယ်လို့ မြန်မာ့မီးရထားဌာန၊ လက်ပံတန်းဘူတာရုံ တာဝန်ရှိသူက ပြောပါတယ်။
လက်ပံတန်းဘူတာက အထူးတန်းရုံပိုင်ကြီး ဦးသောင်းလွင်က "ကျနော်တို့ လက်ပံတန်း ဘူတာကနေပြေးဆွဲနေတဲ့ လက်ပံတန်း-သာရဝေါ လော်ကယ်ရထားကို ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်းမှာ ခဏရပ်နားထားတာကနေ ဒေသတွင်းကခရီးသည်တွေသွားလာမှု အဆင်ပြေစေဖို့အတွက် ဒီနေ့ ဇူလိုင် ၁ရက်နေ့ကနေစပြီး ပြန်လည်ပြေးဆွဲ ပေးတာပါ။ ခရီးသည်တွေ ကူးစက်ရောဂါ ကာကွယ်ဖို့အတွက်ကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ထိုင်ခုံတွေကို ခြားထားပြီး မထိုင်ရထိုင်ခုံတွေမှာ ကြက်ခြေခတ်တွေ သတ်မှတ်ပေးတာတို့၊ လက်ဆေးဘေစင်တွေ ထားရှိပေးတာတို့၊ ခရီးသည်တွေmask တပ်ဖို့ကို ရထားအတက်အဆင်းတွေမှာ စစ်ဆေးဆောင်ရွက်သလို ရထားဘူတာမှာလည်း လော်စပီကာတွေနဲ့ လိုက်လံသတိပေးတာတို့ကို ဆောင်ရွက်နေပါတယ်" လို့ ပြောပါတယ်။
မြန်မာ့မီးရထားအနေနဲ့ သာရဝေါမြို့ဘက်ကို လက်ပံတန်း-သာရဝေါ လော်ကယ်ရထားနဲ့ ကြည့်မြင်တိုင်-သာရဝေါ လူစီးအမြန်ရထား ၂ စီး ပြေးဆွဲပေးနေတာဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကြည့်မြင်တိုင်- သာရဝေါလူစီးအမြန်ရထားကို ဧပြီလ ၁၀ ရက်နေ့မှ စတင်ပြီး ခေတ္တရပ်နားထားခဲ့ကာ လက်ပံတန်း-သာရဝေါ လော်ကယ် ရထားကိုတော့ ဧပြီလ ၉ရက်နေ့ကစပြီး ခတ္တရပ်နားခဲ့တာဖြစ်ပါတယ်။
သတင်း - ဝဏ္ဏထွန်း