DVB Logo
Home
မြန်မာသတင်း
မြန်မာ့ရွှေ ကမ္ဘာ့ဈေးထက်မြင့်နေသဖြင့် အရောင်းအ၀ယ်အေး
DVB
·
May 21, 2013
မြန်မာ့ရွှေ ကမ္ဘာ့ဈေးထက်မြင့်နေသဖြင့် အရောင်းအ၀ယ်အေး
Donate to DVB

မြန်မာ့ရွှေဈေးဟာ ကမ္ဘာ့ရွှေပေါက်ဈေးထက် မြင့်တက်နေတဲ့အတွက် ပြည်တွင်း ဈေးကွက်မှာ အရောင်းအ၀ယ်အေးနေပါတယ်။

မြန်မာ့ရွှေဈေးဟာ ပြည်ပငွေလဲနှုန်းတွေအပေါ်မှာ မှုတည်နေတဲ့အတွက် ကမ္ဘာ့ပေါက်ဈေးထက်မြင့်တက်ပြီး ပြည်တွင်းလက်လီရောင်းအား ကျဆင်းနေပါတယ်။

ကမ္ဘာရွှေဈေးဟာ ဒီနေ့မြန်မာငွေလဲနှုန်းနဲ့ဆို ၁ ကျပ်သားကို ၆ သိန်း ၉ သောင်းကျော်သာရှိပြီး မြန်မာပြည်တွင်ဈေးကွက်မှာတော့ ၇ သိန်း ၇ ထောင်အထိ အရောင်းအ၀ယ်ပြုလုပ်ခဲ့ပါတယ်။

လက်ရှိ ရန်ကုန်မြို့ ရွှေဈေးကွက်အခြေအနေကို ရွှေဘုံသာလမ်းရှိ ရွှေအရောင်းအ၀ယ်လုပ် နေတဲ့ ကိုမျိုးဦးက အခုလိုရှင်းပြပါတယ်။

“ဒေါ်လာဈေးတက်နေတဲ့အတွက် ကမ္ဘာ့ရွှေဈေးကျသော်လည်းပဲ ကမ္ဘာ့ရွှေဈေးက မကျဘူး။ ၇ သိန်းအပေါ်မှာပဲ ရှိနေသေးတယ်။ ၇ သိန်းအောက်ကို ပေါက်သွားမယ်၊ ကမ္ဘာကျသလောက်ကို ဒေါ်လာဈေးကလည်း အရင်နှုန်းထား ၈၅၀ နှုန်းထားလောက်မယ် နေမယ်ဆိုရင် ရွှေဈေးက ၇ သိန်းအောက် ပေါက်သွားမယ်ဆိုရင် အရပ်ဝယ်လက်က ပိုပြီးတော့ဝင်မယ်။ အရောင်းအ၀ယ်လည်း ပိုသွက်မယ်။ အခုတော့ အရောင်းအ၀ယ်က နှေးတာပေါ့။ အရပ်ကလူတွေကလည်း ကမ္ဘာ့ရွှေဈေးကို သူတို့က ကြည့်နေကြတာ။ ကမ္ဘာ့ရွှေဈေးကျတယ်၊ ဒီမှာ ဈေးကျပြီလား လှမ်းမေးကြတယ်။ မကျနိုင်လို့ အ၀ယ်နှေးတယ်။”

ပြည်တွင်းရွှေဈေးကွက် အရောင်းအ၀ယ်သွက်လက်ဖို့အတွက် မြန်မာ့ရွှေဟာ ကမ္ဘာဈေးကွက်နဲ့တန်းတူ ဖြစ်ဖို့လိုကြောင်း ရန်ကုန်မြို့က ရွှေဝယ်ရောင်းလုပ်သူတချို့က ပြောပါတယ်။

တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ကိုဇော်အောင်က ကမ္ဘာ့ဈေးနဲ့ တန်းတူမဖြစ်တဲ့အပေါ် အကျိုးသက်ရောက်မှုကို အခုလိုသုံးသပ်ပြပါတယ်။

“ကမ္ဘာ့ရွှေဈေးကျသလောက် မကျဘူး။ ဒါပေမယ့် အထိုက်အလျောက်တော့ လိုက်ကျတယ်။ တချို့ကျတော့ ဈေးကျလို့ လာဝယ်ကြတယ်။ တချို့ကျတော့ ကမ္ဘာ့ဈေးကျသလောက် မကျဘူး၊ ထပ်ကျဦးမလားဆိုပြီး စောင့်နေကြတဲ့သူတွေလည်း ရှိတယ်။ ဈေးနှုန်းကွာနေတာက ရွှေဆိုင်တွေအပေါ် သိပ်ပြီး အကျိုးသက်ရောက်မှု မရှိပါဘူး။ ရွှေတုံးတွေ အရာင်းအ၀ယ် နိုင်ငံခြားနဲ့ ဆက်စပ်ပြီး လုပ်တဲ့သူတွေသာ အကျိုးသက်ရောက်မှု ရှိတာပေါ့။ ”

မြန်မာပြည်တွင်း ရွှေဆိုင်တွေအနေနဲ့ မြန်မာ့ရွှေဈေးကွက်ဟာ ကမ္ဘာ့ရွှေဈေးနဲ့လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြောင်းအလဲဖြစ်နေတာကို လိုလားကြတယ်လို့ ဆိုပါတယ်။

လတ်တလောဈေး အပြောင်းအလဲတွေအပေါ်မှာမှုတည်ပြီး ပြည်တွင်းရွှေဈေးကွက် အလားအလာကို ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်က အခုလို သုံးသပ်ပါတယ်။

“ကမ္ဘာ့ရွှေဈေးနဲ့ အဓိက သက်ဆိုင်ပြီးတော့ ရွှေဈေးက မြန်မာငွေနဲ့ ဒေါ်လာနဲ့ လဲနေတဲ့နှုန်း၊ တရုတ်ငွေနဲ့ မြန်မာငွေနဲ့ လဲလှယ်နှုန်း၊ အဲဒီပေါ်မှာ မူတည်ပြီး ဈေးနှုန်းက သွားနေပါတယ်။ ဒေါ်လာဈေးက ၉၄၄ ကျပ်လောက် အရောင်းအ၀ယ်ဖြစ်နေတယ်။ အမြင့်ပိုင်းမှာ ဖြစ်နေတဲ့အတွက် ရွှေဈေးကတော့ အမြင့်ပိုင်းမှာပဲ အရောင်းအ၀ယ်ဖြစ်မယ်လို့ ရှေ့လာမယ့်အပတ်မှာ မှန်းထားလို့ရတယ်။”

အရပ်ဝယ်လက်လို့ဆိုတဲ့ လက်လီရွှေဈေးကွက် အရောင်းအ၀ယ်သွက်ဖို့ မျှော်လင့်နေပေမယ့် မြန်မာ့ရွှေဈေးဟာ ကမ္ဘာ့ပေါက်ဈေးထက် ကျော်နေတဲ့အတွက် ပြည်တွင်းလက်လီဈေးကွက် ထင်သလောက် အရောင်းအ၀ယ်မဖြစ်သေးကြောင်း ရန်ကုန်မြို့ရှိ ရွှေအရောင်းအ၀ယ် လုပ်ကိုင်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013