Home
မြန်မာသတင်း
လာမည့်လွှတ်တော်အစည်းအဝေးတွင် ၂၀၂၀-၂၁ ဘတ်ဂျက်နှင့် ဥပဒေကြမ်းအချို့အတည်ပြုမည်
DVB
·
June 30, 2020
ဇူလိုင်လအတွင်း ပြန်လည်ခေါ်ယူကျင်းပမယ့်  ဒုတိယအကြိမ် လွှတ်တော်တွေရဲ့ (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွေမှာ ၂၀၂၀-၂၁ ခုနှစ်အတွက် ဘတ်ဂျက်တွေကို အတည်ပြုပြဋ္ဌာန်းမှာဖြစ်သလို ကျန်ရှိနေသေးတဲ့ ဥပဒေကြမ်းတချို့အတည်ပြုဖို့ ရှိပါတယ်။ ရပ်နားထားတဲ့ လွှတ်တော်အသီးသီးရဲ့ (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွေကို လာမယ့် ဇူလိုင် ၁၃ ရက်နေ့မှာ စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။  ဒီတစ်ခေါက်လွှတ်တော်အစည်းအဝေးမှာ အဓိက အကျဆုံးက ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် စီမံကိန်းနဲ့ ဘဏ္ဍာရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းပေးဖို့ဖြစ်ပြီး ဒါမှသာ လာမယ့်ဘဏ္ဍာနှစ်အတွက် ဝန်ကြီးဌာနအလိုက် ဘတ်ဂျက်တွေကို ခွဲဝေပေးနိုင်မယ်လို့ ဘဏ်များနဲ့ ငွေရေးကြေးရေးဆိုင်ရာ လွှတ်တော် ကော်မတီက ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။ "အရေးကြီးဆုံးက ဘတ်ဂျက်ပေါ့နော်၊ အဲ့တာကတော့ အဓိကထားပြီးလုပ်ရမှာပါ။ နောက်တစ်ခုက စီမံကိန်းတွေ၊ ရာနှုန်းတွေ၊ ဒါတွေလည်း ဆွေးနွေးကြရမယ်။ ဒါက ဒီဒုတိယအကြိမ်လွှတ်တော်ရဲ့ နောက်ဆုံးအကြိမ် ကျင်းပမှုမှာ ဒါက အရေးကြီးဆုံးအချက်ပါ။ ဒါတွေပြီးရင်တော့ ထုံးစံအတိုင်းပေါ့လေ အရင်တုန်းက လွှတ်တော်မှာ မပြီးပြတ်သေးတဲ့ ဥပဒေတွေရှိတယ်လေ။ ဒီဥပဒေတွေမှာ ကျမတို့ ပြီးပြတ်နိုင်အောင် ဆောင်ရွက်နိုင် တဲ့ ဥပဒေတွေကို ကျမတို့ ဒီလွှတ်တော်မှာပဲ ပြီးပြတ်အောင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။"  လက်ရှိအချိန်မှာ အစိုးရအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကို ဇူလိုင် ၁၅ ရက်နေ့အထိ ရက်တိုးမြှင့်ထားတာကြောင့် မကြာခင်ကျင်းပမယ့် (၁၇) ကြိမ်မြောက်လွှတ်တော်အစည်းအဝေးတွေ ကိုလည်း ယခင် (၁၆) ကြိမ်မြောက် လွှတ်တော်အစည်း အဝေးတွေနည်းတူ ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့အညီ ကျင်းပသွားဖို့ ရှိနေတာပါ။ ဒါနဲ့ပတ်သက်ပြီးလည်း ဒေါ်ခင်စန်းလှိုင်က "အန်တီတို့ အခုသိရတာကတော့ အရင်လွှတ်တော်ပုံစံအတိုင်းပဲ၊ အခု ကိုဗစ်ကာလကလည်း မပြီးသေးဘူးလေ။ နောက်တစ်ခုက နိုင်ငံတော်ကလည်း ထုတ်ပြန်ထားတဲ့အတွက်ကြောင့် ပြီးခဲ့တဲ့ (၁၆) ကြိမ်မြောက်လိုပဲကျင်းပမယ်လို့ သိတယ်။ နောက်တစ်ခုက လွှတ်တော်ကိုယ်စားလှယ်တွေ ကိုလည်း ဒီစည်ပင်ဧည့်ရိပ်သာမှာပဲ တို့ဖတ်နမူနာတွေဘာတွေယူမယ်။ မိသားစုတွေကို ယခင်တုန်း က ထားသလိုပဲ အဲ့လိုပုံစံအတိုင်းပဲဆောင်ရွက်မယ်လို့ အန်တီတို့ သိထားတယ် " လို့ ပြောပါတယ်။ ဇူလိုင် ၁၃ ရက်မှာ ကျင်းပမယ့် လွှတ်တော်အစည်းအဝေးတွေကို တက်ရောက်မယ့် ကိုယ်စားလှယ်တွေဟာ ဇူလိုင် ၁၀ ရက်နေ့ကို နေပြည်တော်စည်ပင်ဧည့်ရိပ်သာကို အရောက်လာ ရမှာဖြစ်ပြီး ၁၁ ရက်နေ့မှာ တို့ဖတ်နမူနာယူမှုတွေဆောင်ရွက်မှာဖြစ်ပါတယ်။ လာမယ့် (၁၇) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွေကို ဇူလိုင် ၁၃ ရက်နေ့ကနေ စက်တင်ဘာ ၄ ရက်နေ့အထိ ကျင်းပဖို့ လျာထားပြီး လာမယ့်ရွေးကောက်ပွဲမတိုင်ခင် နောက်ဆုံးအကြိမ်အဖြစ်ပြုလုပ်တဲ့ ပုံမှန်အစည်းအဝေးလည်းဖြစ်ပါတယ်။  ဒါပေမယ့်လည်း ဒုတိယအကြိမ်လွှတ်တော်သက်တမ်း ကုန်ဆုံးသွားတာမဟုတ်ဘဲ ရွေးကောက်ပွဲအပြီး လွှတ်တော်အသစ် မခေါ်ခင်အချိန်မှာ ကျန်ရှိနေတဲ့ ဘတ်ဂျက်ဆိုင်ရာ ကိစ္စရပ်တွေကို ပြီးပြတ်အောင် ဆောင်ရွက်ရဦးမှာဖြစ်တယ်လို့ သိရပါတယ်။ ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024