DVB Logo
Home
မြန်မာသတင်း
KFC စားကုန်လုပ်ငန်းဖွင့်ရင် အလုပ်ကိုင်အခွင့်အလမ်း ပိုရလာမည်
DVB
·
May 21, 2013
KFC စားကုန်လုပ်ငန်းဖွင့်ရင် အလုပ်ကိုင်အခွင့်အလမ်း ပိုရလာမည်
Donate to DVB

အမေရိကန်နိုင်ငံရဲ့ ကမ္ဘာကျော် KFC စားသောက်ကုန်လုပ်ငန်း မြန်မာနိုင်ငံမှာ လာဖွင့်မယ်ဆိုရင် မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီး ရရှိလာတော့မှာပါ။

နိုင်ငံတကာမှာ ဆိုင်ခွဲအများကြီးဖွင့်ထားတဲ့ KFC  လုပ်ငန်းက သူတို့ရဲ့စားသောက်ဆိုင်တဆိုင်မှာ အနည်းဆုံး ဝန်ထမ်းဦးရေ ၃၀ ကနေ ၅၀ လောက်အထိ ခန့်အပ်လေ့ ရှိပါတယ်။

kfc အမှတ်တံဆိပ် မြန်မာနိုင်ငံကို လာရောက်ဖို့အတွက် ကြားခံဆောင်ရွက်ပေးနေတဲ့ Today Ogivly & Mather Myanmar အမည်ရတဲ့ ပြည်သူ့ဆက်ဆံရေးကုမ္ပဏီက တာဝန်ရှိသူဦးစည်သူစိုးမိုးက

“ဆိုင်တဆိုင်ဖွင့်ရင် သူတို့က အယောက် ၃၀ ကနေ ၅၀ ကြားလောက် ၀န်ထမ်းခန့်တော့ မြန်မာပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်ပိုင်း အရမ်းကောင်းသွားတယ်။ လူအများကြီး အလုပ်ရမယ်” လို့ ပြောပြပါတယ်။

နိုင်ငံတကာမှာလို ကျောင်းသားတွေအတွက်လည်း အချိန်ပိုင်းလုပ်ငန်းတွေ ပေးလာနိုင်တယ်လို့ ထိုင်းနဲ့ စင်ကာပူလို အိမ်နီးချင်းနိုင်ငံတွေမှာ KFC စားသောက်ကုန်တွေကို စားသုံးဖူးတဲ့ ရန်ကုန်က ကုမ္ပဏီဝန်ထမ်း မခင်မြတ်က ပြောပါတယ်။

“နိုင်ငံခြားမှာလို KFC က ၂၄ နာရီဖွင့်လို့ရမယ်၊ ကျောင်းတက်နေတဲ့ ကျောင်းသားကျောင်းသားတွေအတွက် အချိန်ပိုင်းအလုပ်တွေ ရကြမယ်၊ အစိုးရကလည်း အချိန်ပိုင်းအလုပ်တွေ လုပ်ပိုင်ခွင့်ပေးမယ်ဆိုရင် ပိုအဆင်ပြေပြီး ကောင်းသွားမယ်လို့ ထင်ပါတယ်။”

နာမည်ကျော် KFC မြန်မာပြည်လာဖို့ သူ့ရဲ့အစားအသောက်တွေကိုစားဖူးတဲ့ မြန်မာနိုင်ငံသားအများစုက ဆန္ဒ ရှိနေကြပါတယ်။ ဒါပေမယ့် KFC အစားအသောက်တွေရဲ့ဈေးနှုန်းဟာ မြန်မာပြည်သူအများစု ဝယ်ယူစားသုံးနိုင်မယ့် အနေအထားမှာရှိ/မရှိကိုတော့ အခုအချိန်မှာ မသိရသေးပါဘူး။

KFC က သူတို့ရဲ့စားသောက်ကုန်တွေကို ဒီလ ၁၁ ရက်က မြန်မာပြည်က စားသုံးသူအချို့ကို မိတ်ဆက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ kfc စားသောက်ဆိုင်တွေကို ဖွင့်လှစ်တဲ့အခါမှာ မြန်မာလူမျိုးတွေရဲ့ အကြိုက်အပေါ်လိုက်ပြီး အရသာကို ထုတ်လုပ်ပေးသွားမယ်လို့ KFC က တာဝန်ရှိသူတွေ ဆိုပါတယ်။

ဒါ့အပြင် လူသိများတဲ့ ဒီစားသောက်ကုန်လုပ်ငန်းက မြန်မာပြည်ဈေးကွက်ကိုဝင်ရောက်ဖို့အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို တင်ပြထားပြီးပါပြီ။ အစိုးရက ခွင့်ပြုချက်ကျတာနဲ့ မြန်မာပြည်ဈေးကွက်မှာ စတင်လုပ်ကိုင်သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဘက်ကတော့ KFC က လုပ်ငန်းလုပ်ကိုင်ခွင့် တင်ထားတာမရှိသေးဘဲ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အလွတ်သဘောဆွေးနွေးခြင်းလောက်သာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

KFC ရဲ့စားသောက်ကုန်တွေကို နိုင်ငံတွင်းမှာ အားပေးလိုတဲ့ စားသုံးသူတွေရှိနေတာကြောင့် ပြီးခဲ့တဲ့ လအနည်းငယ်လောက်က မင်္ဂလာတောင်ညွန့်မြို့နယ်မှာ လုပ်ငန်းရှင်တဦးက KFC အမည်နဲ့ တံဆိပ်ကို အတိအကျယူပြီး ရန်ကုန်မှာ ဖွင့်လှစ် ရောင်းချခဲ့ပါသေးတယ်။

ဒါတင်မကပဲ တဖက်ကလည်း ရန်ကုန်မှာဖွင့်တဲ့ KFC စားသောက်ကုန်လုပ်ငန်းက သူတို့ရဲ့တရားဝင် ဖြစ်ကြောင်း မှတ်ပုံတင်နဲ့အသိပေးတာကိုလည်းလုပ်ခဲ့ပါတယ်။

အဲ့ဒီအဖြစ်အပျက်တွေဖြစ်ပြီး လပိုင်းအကြာမှာပဲ တကယ့် KFC က သူတို့မြန်မာနိုင်ငံမှာ ဆိုင်မဖွင့်သေးတဲ့အကြောင်း ပြည်တွင်းဂျာနယ်တချို့မှာ တရားဝင်ကြော်ငြာလာပါတယ်။ အဲ့ဒီအချိန်မှာပဲ ရန်ကုန်က KFC အတုဆိုင်က သူတို့ရဲ့ကြေငြာချက်နဲ့ ဆိုင်ကို ရုပ်သိမ်းသွားတယ်လို့ သိရပါတယ်။

နှစ်ပေါင်း ၈၀ ကျော်ကြာပြီဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ KFC စားသောက်ကုန်လုပ်ငန်းက ကြက်ကြော်နဲ့ လူသိများတာဖြစ်ပြီး ဟမ်ဘာဂါနဲ့ အာလူးကြော်စတဲ့ စားသောက်ကုန်တွေကိုလည်း ပူးတွဲ ရောင်းချပါတယ်။

အခုလက်ရှိ တကမ္ဘာလုံးမှာ KFC ဆိုင်ခွဲအရေအတွက်က ၁၈၀၀၀ အထက်ရှိပြီး ဝန်ထမ်း စုစုပေါင်းကတော့ ၁ သိန်း ၉ သောင်းနဲ့အထက်မှာ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013