DVB Logo
Home
မြန်မာသတင်း
ရှမ်းလက်နက်ကိုင်အဖွဲ့နှင့် နိုင်ငံရေးပါတီများ ဖက်ဒရယ်စနစ် လေ့လာ
DVB
·
May 21, 2013
Donate to DVB

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ အပစ်ခတ်ရပ် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နဲ့ ရှမ်းနိုင်ငံရေးပါတီဝင်တွေ ပူးပေါင်းပြီး ဖက်ဒရယ် ပြည်ထောင်စုနဲ့ပတ်သက်တဲ့ ဥပဒေဿတွေ လေ့လာသင်ယူနေပါတယ်။

အစိုးရနဲ့ အပစ်ခတ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ နိုင်ငံရေးပါတီအဖွဲ့ဝင်တွေကြား ဖက်ဒရယ်မူကို နားလည် သဘောပေါက်စေဖို့ ဥရောပမြန်မာရုံးရဲ့ အထောက်အပံ့နဲ့ ရက်တို အလုပ်ရုံဆွေးနွေးပွဲတခု စီစဉ်ပေးခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

“ကမ္ဘာပေါ်မှာရှိတဲ့ ဖက်ဒရယ်မူဝါဒတွေဟာ ဘယ်လိုအမျိုးအစားလဲ၊ ဘယ်တိုင်းပြည်က ဘယ်လိုပုံစံကျင့်သုံးလဲ၊ အဲဒါတွေကို မြန်မာပြည်က ဖက်ဒရယ်မူဝါဒက ဘယ်လိုလဲ ဒါတွေ လေ့လာတာပါ။ ပညာရှင်က လာပို့ချတာပါ။ Euro Burma Office က စပွန်ဆာပေးတယ်။ ကျနော်တို့ အက်စ်အန်အယ်လ်ဒီက တာဝန်ခံပြီး နေထိုင်၊ စားသောက်တာက အစ လုပ်ပေးတယ်။ ၄ ရက်ပါ။”

ဆွေးနွေးပွဲမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ် ၁၅ ဦးစီ၊ ရှမ်းနီအမျိုးသားတိုးတက်ရေးပါတီက ၅ ဦးနဲ့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)အဖွဲ့နဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အဖွဲ့က ကိုယ်စားလှယ် ၅ ဦးစီ တက်ရောက်လေ့လာခဲ့တယ်လို့ ဆိုပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့က ခလပ်ဆစ်  စားသောက်ဆိုင်မှာ မေ ၂၀ ရက်နေ့ ကနေ ၂၃ ရက်နေ့ ထိ ၄ ရက်တာ ကျင်းပနေပြီး   Centre for Humanitarian Dialogue အဖွဲ့က ဖက်ဒရယ်ရေးရာ လေ့လာကျွမ်းကျင်သူ ပညာရှင်တွေက ဦးဆောင် ဆွေးနွေးပေးနေတာ ဖြစ်ပါတယ်။

ဒီသင်တန်းကို တက်ရောက်ခြင်းအားဖြင့် တိုင်းရင်းသားလူမျိုးတွေ လိုလားတဲ့ ဖက်ဒရယ်စနစ် ပေါ်ပေါက်ရေးကို တစုံတရာ အထောက်အကူပြုပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း  ကျားဖြူပါတီက လဲချားမြို့နယ်က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်ဇေယျက ပြောပါတယ်။

“အဖွဲ့စုံတယ်ဆိုတော့ ကောင်းတာပေါ့။ နောက် ဒါက တိုင်းရင်းသားတွေမျှော်လင့်နေတဲ့ ဖက်ဒရယ် ကိစ္စတွေကို တစုံတရာအထောက်အပံ့ပေးနိုင်မလားပေါ့။ ဖက်ဒရယ်မူဝါဒတွေရှိတဲ့၊ တခြားနိုင်ငံတွေရဲ့ ဖက်ဒရယ်ပုံစံကို သူပြောပြတာပေါ့၊ ဥပမာ ဖင်လန်၊ အမေရိကန်၊ ကနေဒါနိုင်ငံတွေလိုမျိုး ဖက်ဒရယ်တွေ နှိုင်းပြထားတာပေါ့။”

ပြည်ထောင်စုတိုင်းရင်းသားများ တန်းတူအခွင့်အရေး ရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေးတွေနဲ့ အကျုံးဝင်တဲ့ ဒီဖက်ဒရယ်မူစနစ်ကို အရင် စစ်အစိုးရလက်ထက်တွေကတော့ ခွဲထွက်ရေးမူဆိုပြီး ဖက်ဒရယ်ရေးလှုပ်ရှားသူတွေကို အပြစ်ပေးအရေးယူတာတွေ ရှိပေမယ့်လည်း ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက်ပိုင်း ဖက်ဒရယ်ကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးခွင့်နဲ့ ဟောပြောခွင့်တွေ ရလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းကလည်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အဖွဲ့က ဦးစီးပြီး  ဖက်ဒရယ်မူနဲ့ တိုင်းရင်းသားတို့အမြင် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတရပ်ကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ  ကျင်းပခဲ့ရာမှာ တိုင်းရင်းသား နိုင်ငံရေးပါတီဝင်တွေ၊  နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ ဖက်ဒရယ်အရေး စိတ်ဝင်စားသူ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က  ဦးစိုင်းညွန့်လွင်က ဦးဆောင် ဆွေးနွေးခဲ့ပြီး  တိုင်းရင်းသားဘက်ကမြင်တဲ့ ဖက်ဒရယ်မူဟာ ပင်လုံစာချုပ်နဲ့ ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ၈ ပြည်နယ် ၈ ယူနစ်စနစ် ဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါတဲ့ တိုင်း ၇ တိုင်းဟာ ၁ ယူနစ်သာ ရယူသင့်ကြောင်းနဲ့ ၈ ယူနစ်စနစ်နဲ့သာမသွားဘူးဆိုရင် ဘယ်လိုမှ တရားမျှတမှု ရှိမှာမဟုတ်ကြောင်း ဆွေးနွေးခဲ့ပါတယ်၊

လွှတ်တော်နှစ်ရပ်ထဲက အောက်လွှတ်တော်မှာ ဗမာလူမျိုးတွေက အသာစီး ရထားပြီးဖြစ်လို့ ဒါကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ယူနစ်တခုစီက ကိုယ်စားလှယ်တဦးစီပဲ ပါသင့်တယ်လို့ ဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013