Home
မြန်မာသတင်း
တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသူများနှင့် အဆက်သွယ်မရ၍ မိသားစုဝင်များ စိုးရိမ်
DVB
·
June 30, 2020
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အတွင်း တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားသူတွေနဲ့ အဆက်အသွယ်မရတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ကျောက်ဖြူမြို့မှ ပရဟိတလုပ်နေသူ ဦးကျော်အေးသန်းကို ပြီးခဲ့တဲ့ မေ ၂၇ ရက်က တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကျောက်တလုံးဂိတ်အနီးကနေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပြီး နေအိမ်ကိုလည်း လာရောက်ရှာဖွေခဲ့ကြကာ ဓာတ်ပုံတချို့နဲ့ စာအုပ်တအုပ်ကို ယူဆောင်သွားခဲ့တယ်လို့ ဇနီးဖြစ်သူ ဒေါ်တင်သိန်းထွေးက ပြောပါတယ်။ ဦးကျော်အေးသန်းကို ၁ လကျော်ကြာနေပြီ ဖြစ်ပြီး ဘာကြောင့် အခုလို ဖမ်းဆီးခေါ်သွားခဲ့တယ်ဆိုတာကို မသိရတဲ့အတွက် မိသားစုတွေ စိုးရိမ်နေပြီး စားဝတ်နေရေး ထိခိုက်လာတာကြောင့် ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုရတာလို့ ဆိုပါတယ်။ ဒေါ်တင်သိန်းထွေးက “ကျမတို့ နေအိမ်တလုံးမွှေပြီး ရှာသွားခဲ့တယ်။ ကျမက ကြာလာတော့ စိုးရိမ်တယ်၊ စိတ်ပူပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို မေးတော့လည်း ဘာကြောင့် ဖမ်းတယ်ဆိုတာကို မသိဘူးလို့ ပြောတယ်။ ရက် ၂၀ ကျော်တဲ့အခါမှာလည်း ရဲစခန်းကိုသွားပြီး မေးတော့ ရဲစခန်းကလည်း မသိဘူးလို့ ပြောတယ်။ ဆယ်တန်းကျောင်းသား ၁ ယောက်ရယ်၊ ၆ တန်း  ၁ ယောက်ရှိတယ်၊ ကျမကလည်း မလုပ်တတ်မကိုင်တတ်နဲ့ ဒုက္ခအရမ်း ရောက်တာပေါ့၊ အခက်အခဲတွေကတော့ အများကြီးပေါ့။ ကျမရဲ့အမျိုးသားကို အမြန်ဆုံးပြန်လွှတ်ပေးစေချင် ပါတယ်၊ မေတ္တာရပ်ခံပါတယ်” လို့ ပြောပါတယ်။ အခုလို ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်က “တပ်မတော်ကတော့ ရန်သူ့သတင်းရရင် စိစစ်မှာပေါ့ဗျာ၊ သူ မဟုတ်ဘူးဆိုရင် တပ်မတော်က ပြန်လွှတ်ပေးတာတွေ သာဓကတွေ အများကြီးပဲ။ သူတို့ အေအေ အကြမ်းဖက်နဲ့ ဆက်စပ်တာမရှိဘူးဆိုရင် တပ်မတော်က ပြန်လွှတ်ပေးပါတယ်၊ ပတ်သက်တယ်ဆိုလို့ရှိရင်လည်း တရားရုံးကို ပို့လိုက်တာပေါ့” လို့ ပြောပါတယ်။ ကျောက်ဖြူမြို့နယ် မြင်းပြင်ကျေးရွာမှာလည်း ဇွန် ၂ ရက်နေ့က ဦးချက်ကြီးကိုလည်း တပ်မတော်စစ်ကြောင်းတခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ဒီနေ့အချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။  ဇွန် ၂၆ ရက်နေ့ညနေကလည်း ကပ်သပြေကျေးရွာသား လူငယ် ၉ ဦး ဖမ်းဆီးခံရပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးတာကြောင့် မိသားစုဝင်တွေနဲ့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ သတင်း-နောင်နောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024