DVB Logo
Home
မြန်မာသတင်း
အုပ်ချုပ်ရေးပိုင်းအားနည်းမှုကြောင့် အရေးပေါ်အခြေအနေ ကြေညာရခြင်းဖြစ်
DVB
·
May 21, 2013
အုပ်ချုပ်ရေးပိုင်းအားနည်းမှုကြောင့် အရေးပေါ်အခြေအနေ ကြေညာရခြင်းဖြစ်
Donate to DVB

မိထ္ထီလာမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ရတာဟာ အုပ်ချုပ်ရေးပိုင်းမှာ အားနည်းချက်တွေ ရှိနေတာကြောင့်လို့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြောကြားလိုက်ပါတယ်။

မေ ၂၁ ရက်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးမှာ ပြောကြား လိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) အရေးပေါ်အခြေအနေ ကြေညာခြင်းကို အတည်ပြုပေးဖို့ လွှတ်တော်အမတ်တွေ ဆွေးနွေးကြရာမှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့တာလို့ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်က ပြောပါတယ်။

“အရေးပေါ်အခြေအနေ ကြေညာတယ်ဆိုတာကိုက အုပ်ချုပ်ရေးပိုင်းက အခြေအနေတခုကို မထိန်းသိမ်းနိုင်လို့ ဖြစ်ရတာ။ ဘာကြောင့် မထိန်းသိမ်းနိုင်လဲဆိုတာလည်း ပွင့်လင်းမြင်သာမှုမရှိတော့ မသိရဘူး။ အရေးပေါ်အခြေအနေမှာလည်း တရားစီရင်ရေးမဏ္ဍိုင်နဲ့ လုပ်ပိုင်ခွင့်ကို မကျင့်သုံးခဲ့တာ ရှိတယ်။ နောက် ဒီလိုအခြေအနေမျိုးတွေဖြစ်လာရင် ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တွေ ပူးပေါင်းဆောင်ရွက်သင့်တယ်။ အရေးပေါ်အခြေအနေ ကြေညာချက်ကို ဒီမိုကရေစီနိုင်ငံကြီးတွေမှာ ရှိတဲ့ ကျင့်စဉ်နဲ့အညီ အမြန်ဆုံး ပြုပြင်ပြောင်းလဲသင့်တယ်ဆိုတာ ဆွေးနွေးတာပါ။”

ဒီနေ့ကစပြီး မိတ္ထီလာမှာ နောက်ထပ် ရက်ပေါင်း ၆၀ အတွင်း အရေးပေါ်ကာလ သတ်မှတ်ဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။

သမ္မတက မိတ္ထီလာမှာ အရေးပေါ်ကာလ ၂ လ သတ်မှတ်ခဲ့တာကို ပြည်ထောင်စုလွှတ်တော်က သဘောတူပေမယ့် ခုချိန်မှာတော့ အရေးပေါ်ကာလ သတ်မှတ်တာကို ရုပ်သိမ်းသင့်ပြီလို့ ဆွေးနွေးခဲ့ကြောင်းလည်း ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်က ပြောပါတယ်။

“အရေးပေါ်အခြေအနေကြေညာတာနဲ့ သက်ဆိုင်ရာနယ်မြေတွေမှာရှိတဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတွေ ဆုံးရှုံးကုန်တယ်လေ။ အမှတ်တမဲ့ကြည့်ရင်တော့ မူလအခွင့်အရေးဆုံးရှုံးတယ်လို့သာ မြင်တယ်၊ တကယ်ကတော့ ကျနော့်အမြင်ကတော့ ဒါက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ထိခိုက်တယ်။ နောက်တခုက အများပြည်သူကနေ ဒီမိုကရက်တစ် ဦးခေါင်း ပြန်ပြောင်းနေပြီလားလို့ ထင်မြင်စရာဖြစ်တယ်။ နောက် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုတဲ့ ဦးတည်ချက်ကို အကောင်အထည်မဖော်နိုင်သလိုဖြစ်ပြီး အစိုးရပုံရိပ်ကိုလည်း ထိခိုက်တယ်။ ပြည်တွင်းပြည်ပမှာလည်း တိုင်းပြည်နဲ့လူမျိုး ဂုဏ်သိက္ခာကျတယ်။ ဒါကြောင့် ဒီအမိန့်ကို လုံးဝ ရုပ်သိမ်းသင့်ပါတယ်။ ကြေးမုံသတင်းစာမှာ နေပြည်တော်၊ မိတ္ထီလာ သတင်းတွေမှာတော့ အခုဆိုပုံမှန်အခြေအနေတွေနဲ့ ခရီးသွားဧည့်သည်တွေနဲ့ ဈေးရောင်းဈေးဝယ်တွေနဲ့ ဈေးဝယ်ဖောက်ကားပြီး အေးချမ်းငြိမ်းချမ်းနေပြီ ဆိုပြီး ပါတယ်လေ။ ဒါကို ကျနော်က ကိုးကားပြီး ဥပဒေအချက်အလက်တွေနဲ့ လုံးရုပ်သိမ်းသင့်တယ်ဆိုတာ ဆွေးနွေးတယ်။”
နိုင်ငံတော်သမ္မတဟာ ၂၀၁၃ ခုနှစ် မတ် ၂၂ ရက်ကစပြီး မိတ္ထီလာ၊ ၀မ်းတွင်း၊ မလှိုင်နဲ့ သာစည်မြို့နယ်တို့ မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013