လက်ကျန်သက်တမ်းတွင် မြေယာပြဿနာ ဦးစားပေးဖြေရှင်းမည်ဟု ပဲခူးဝန်ကြီး​ချုပ်ပြော 

ပဲခူးတိုင်းဒေသကြီး အစိုးရအနေနဲ့ လက်ကျန်အစိုးရသက်တမ်းအတွင်းမှာ မြေယာပြဿနာ တွေကို ဦးစားပေးဖြေရှင်းသွားမယ်လို့ ဝန်ကြီး​ချုပ်ဦးဝင်းသိန်းက ပြောပါတယ်။ ဇွန်လ ၂၈ ရက်က လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲတစ်ခုအပြီးမှာ ပြောကြားလိုက်ပါတယ်။ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက "နိုင်ငံတော်ရဲ့မူတွေဖြစ်တဲ့ မြေယာကိစ္စ​ကို အဓိကထားဖြေရှင်းသွားမယ်။ နောက်တခါ ရွေးကောက်ပွဲတုန်းက ကြေညာစာတမ်းလည်းဖြစ်တဲ့ တိုင်းဒေသကြီးအစိုးရအနေနဲ့ အဓိက လုပ်ဆောင်နိုင်တဲ့ဖွံ့ဖြိုးရေးကိစ္စတွေ အထူးသဖြင့် လျှပ်စစ်၊ လမ်းပန်း၊ မြို့ရွာဖွံ့ဖြိုးရေး၊ ဒါတွေကို အခြေပြုတဲ့ လုပ်ငန်းတွေ လုပ်ပေးမယ်၊ မြေယာပြုပြင်ပြောင်းလဲရေး လုပ်ပေးမယ်၊ မြေလွတ်မြေရိုင်းတွေကို မြေယာမဲ့များ၊ မြေသိမ်းခံတောင်သူများကို အဓိကထားပြီး ဝေခြမ်းပေးမယ်။ ပိုလျှံတဲ့ဟာတွေကိုလည်း လုပ်ငန်းရှင်ကြီးတွေကို လျှောက်ထားခွင့်ပြုပြီး ဆောင်ရွက်စေမယ်။ အချိန်တိုအတွင်းမှာ အကောင်းဆုံးဆောင်ရွက်ပေးမှာပါ။" လို့ ပြောပါတယ်။ တွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်ဦးဝင်းသိန်းနဲ့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေအပြင် အရင် မကျီးကွင်းစားကျက်မြေမှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီ တာဝန်ရှိတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲ့ဒီ စားကျက်မြေကိစ္စနဲ့ ပက်သက်ပြီး ညှိနှိုင်းဆောင်ရွက်မှုက ပြေလည်မှုမရှိသေးတာကြောင့် ထပ်မံတွေ့ဆုံဖို့အတွက် ပြန်လည်ချိန်းမယ်လို့ ဆုံးဖြတ်ခဲ့ရကြောင်း ​လက်ပံတန်းမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း က ပြောပါတယ်။ မကျီးကွင်းကျေးရွာ စားကျက်မြေဟာ စုစုပေါင်း ၁၆၃ ဒသမ ၆၂ ဧက ရှိပြီး၊ အောက်မြန်မာ နိုင်ငံမြေနှင့် အခွန်နည်းဥပဒေ ၆၈ အရ  ၂၀၁၅ အောက်တိုဘာ ၇ ရက်နေ့စွဲနဲ့  ပဲခူးတိုင်းဒေသကြီး အစိုးရက စားကျက်မြေအဖြစ်ကနေ ထုတ်ပယ်ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေသခံတွေက ကျေနပ်မှုမရှိတာကြောင့် အခုချိန်ထိ ပြေလည်မှုမရရှိသေးဘူးလို့ လက်ပံတန်းမြို့ မြေစာရင်းဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံက သိရပါတယ်။ သတင်း၊ဓာတ်ပုံ - ဝဏ္ဏထွန်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up