DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ကူညီမည်
DVB
·
May 21, 2013
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ကူညီမည်
1 / 2
Donate to DVB

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ကူညီမှုတွေ ဆက်ပေးသွားမယ်လို့ အမေရိကန်သမ္မတက အိမ်ဖြူတော်မှာ မြန်မာသမ္မတ ဦးသိန်းစိန်ကို လက်ခံတွေ့ဆုံစဉ် ပြောဆိုလိုက်ပါတယ်။

မေ ၂၀ ရက်နေ့က အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာ အိမ်ဖြူတော်မှာ သမ္မတဦးသိန်းစိန်ကို လက်ခံတွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲမှာ စီးပွားရေးအရရော နိုင်ငံရေးအရပါ  တချိန်တည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်ရင် အောင်မြင်နိုင်မှာ ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (ယူအက်စ်အေအိုင်ဒီ) ကလည်း မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် ကူညီလုပ်ဆောင်နေပါတယ်လို့ ပြောဆိုလိုက်ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ဦးဆောင်မှုနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို စီးပွားရေး၊ နိုင်ငံရေး၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့တာ၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တာ၊ ရှည်ကြာလှတဲ့ လူမျိုးစုပြဿနာတွေ၊ ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် လုပ်နေတဲ့အတွက် အမေရိကန်က ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို လျှော့လိုက်တာဖြစ်ကြောင်း သမ္မတ အိုဘားမားက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု ပဋိပက္ခတွေကြောင့် အိုးမဲ့အိမ်မဲ့နဲ့ ဒုက္ခရောက်နေသူတွေအတွက် ဆက်လက်ပြီးတော့ အကူအညီပေးသွားမယ့်အကြောင်းနဲ့ မွတ်စလင်လူနည်းစုအပေါ် လေးလေးစားစား ဆက်ဆံဖို့လည်း အိုဘားမားက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ  မွတ်စလင်တွေအပေါ်မှာ အကြမ်းဖက်မှုတွေ ဖြစ်တဲ့ကိစ္စနဲ့ပတ်သက်လို့လည်း သူတို့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေ၊ နောက်ပြီးတော့ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့ ဆက်လက်ပြီးတော့ အကူအညီ ပေးဖို့အတွက် ကျနော်တို့ သဘောတူကြပါတယ်။ နိုင်ငံတကာကလည်း ကူညီပေးနေတာ ဖြစ်ပါတယ်။ နောက်တခုကတော့ သူတို့ကို လေးလေးစားစား ဆက်ဆံဖို့ကိစ္စတွေလည်း ပါဝင်တယ်။”

သမ္မတ ဦးသိန်းစိန်က ဖွံ့ဖြိုးဆဲနိုင်ငံတခုအနေနဲ့ ဒီမိုကရေစီစနစ်အပြောင်းအလဲမှာ အခက်အခဲတွေ ရှိနေတဲ့အကြောင်း အမေရိကန်သမ္မတကို ဆွေးနွေးတင်ပြခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်က “ကျနော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံ တနိုင်ငံအနေနဲ့ အခုလို ကျနော်တို့ စနစ်ကို ပြောင်းလဲတဲ့အခါမှာ အခက်အခဲတွေ မျိုးစုံ ရှိပါတယ်။ ဆင်းရဲနွမ်းပါးမှုနှုန်းတွေ မြင့်မားနေတာတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးနေတာ၊ လူတွေရဲ့ ဒီမိုကရေစီအတွေ့အကြုံနဲ့ ဒီမိုကရေစီအလေ့အကျင့်တွေ နည်းပါးနေတာတွေ၊ အရည်အချင်းရှိတဲ့ အလယ်အလတ်တန်းစားတွေ နည်းပါးနေတဲ့အတွက်ကြောင့် နိုင်ငံတော်ကို ပြောင်းလဲထူထောင်တဲ့အခါမှာ အခက်အခဲ မျိုးစုံတွေ ကျော်ဖြတ်ပြီးတော့ ကျနော်တို့ ဆောင်ရွက်နေရပါတယ်။ သို့သော်လည်း တချို့ အခက်အခဲတွေကို ကျနော်တို့ စာနာထောက်ထားပြီးတော့ အမေရိကန်သမ္မတကြီးအနေနဲ့ တချို့ဟာတွေကို ကူညီဆောင်ရွက်ပေးနေတဲ့အတွက်ကြောင့် အခက်အခဲတွေကို ကျော်လွှားနိုင်တဲ့ အခြေအနေတွေလည်း ကျနော်တို့ ရှိလာပြီဖြစ်ပါတယ်။”

သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်ဟာ ၁၉၆၆ ခုနှစ် ဗိုလ်ချုပ်ကြီး နေ၀င်းရဲ့ ခရီးစဉ်အပြီး နှစ်ပေါင်း ၅၀ နီးပါးအတွင်း မြန်မာသမ္မတတဦးအနေနဲ့ ပထမဆုံး ခရီးစဉ် ဖြစ်ပါတယ်။

ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်သံရုံး မြန်မာမိသားစုတွေနဲ့ မေ ၁၈ ရက်နေ့က တွေ့ဆုံရာမှာ  မြန်မာတိုင်းရင်းသားတွေအနေနဲ့ တတ်ကျွမ်းတဲ့ ပညာနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၀ိုင်းဝန်းပါဝင် ဆောင်ရွက်နိုင်ရေး တိုင်းပြည်ကို ပြန်လာကြဖို့ ဖိတ်ခေါ်ကြောင်း၊ နိုင်ငံတော်အနေနဲ့လည်း ပြည်ပရောက်မြန်မာတွေ နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့ လိုအပ်တာတွေကို စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ ပြောကြားပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားတချို့ကလည်း ဆန့်ကျင်ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013