Home
မြန်မာသတင်း
နယ်မြေရှင်းလင်းရေး သတိပေးစာကြောင့် ကျောက်တန်းတိုက်နယ်မှ လူဦးရေ ထောင်ချီထွက်ပြေး
DVB
·
June 29, 2020
တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး သတိပေးစာကြောင့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းတိုက်နယ်က ပြည်သူ ၅၀၀၀ လောက် ရသေ့တောင်၊ စစ်တွေမြို့နဲ့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က “ကျောက်တန်းတိုက်နယ်ကျေးရွာ ၄၀ ကျော်လောက်ထွက်ပြေးနေကြရတယ်။ အခု ထွက်ပြေးကြတာ တိုက်ပွဲဖြစ်လို့ အစပိုင်းက ပြေးနေကြတာ အမိန့်စာထုတ်တော့ ပိုထွက်ပြေးကြတာ” လို့ DVB ကိုပြောပါတယ်။ နယ်မြေရှင်းလင်ရေးလုပ်မှာ ဖြစ်တာကြောင့် ကျေးရွာသူ/သားတွေအနေနဲ့ ကျေးရွာတွေကနေ ခေတ္တ ရှောင်တိမ်းနေထိုင်ကြဖို့ ဇွန် ၂၄ ရက်နေ့မှာ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက တရားဝင် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် အခုလို ထွက်ပြေးနေကြတာပါ။ ကျောက်တန်း၊ သောင်းဒရင်း၊ အောင်သာစည်၊ ရဘုတ်၊ မောင်ဖြူ၊ ကျောက်ရံ၊ လိုင်ကွန်၊ လမုတိုင်၊ နွားတင်းကုတ်၊ ပြားချောင်းကြီး၊ အလယ်ရွာချေ၊ ပြင်ခေါင်ရွာဟောင်း၊ အဝဒါ၊ ပေါက်တောကြီး၊ ထွန်းရဝေသစ်၊ လေးခွဆုံသစ်/ဟောင်း၊ ဘာထလေကျေးရွာ၊ ကျောက်သံခြေ၊ ပြိုင်းတောင် စတဲ့ကျေးရွာတွေ ပြည်သူတွေ ထွက်ပြေးနေကြတာပါ။ နီးစပ်ကျေးရွာတွေက ရွာသူရွာသားတွေဟာ ဇွန် ၂၆ ရက်နေ့ကစပြီး ရသေ့တောင်မြို့ပေါ် တဖွဲဖွဲရောက်ရှိလာကြ​ကြောင့် စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ရသေ့တောင်မြို့နယ် ဘက္ကာနှင့်ညီကိုများပရဟိတ္တအဖွဲမှ ကိုဘက္ကာက ပြောပါတယ်။ “လူကယ်ပြန်က လာပေးတယ်၊ လူဦးရေ မစုံ မပြည့်ဘူး။ ဘယ်လိုလုပ် စားသောက်နေထိုင်ကြမလဲ။ ကျနော်တို့ ဖြစ်သလို မြို့ပေါ်က ထမင်းထုတ်တွေ အလှူခံပြီး ကျွေးမွေးနေကြရတယ်။ အကူအညီတွေ များစွာလိုအပ်နေပါတယ်။ လူတွေပြည့်သိပ်နေပြီ၊ နေစရာမရှိတော့ပါ။ စားနပ်ရိက္ခာတွေ၊ အဝတ်အစားတွေနဲ့ နေထိုင်စရာ အရေးပေါ် လိုအပ်နေတယ်။” ကျောက်တန်းနယ်မြေမှ ထောင်နဲ့ချီ ကျေးရွာသားတွေ ထွက်ပြေးနေကြပြီး ဇွန် ၂၇ ရက်နေ့ ညနေပိုင်းမှာ ရွာသူရွာသား ၄၀ လောက် စစ်တွေမြို့ကို ရောက်ရှိလာကြတယ်လို့ သိရပါတယ်။ တပ်မတော်နဲ့အေအေ တိုက်ပွဲတွေ ​ဖြစ်ပွားမှုကြောင့် အရင်ကတည်းက  ရသေ့တောင်မြို့ပေါ်မှာ စစ်ဘေးရှောင်စခန်း ၁၈ ခု၊ စစ်ဘေးရှောင်ဦးရေ ၁၅၀၀၀ လောက် နေထိုင်နေကြတာဖြစ်ပြီး အခု ထပ်ရောက်လာတဲ့အတွက် စားဝတ်နေရေး အခက်တွေ့နေကြတာပါ။ ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းကတော့ စစ်ဘေးရှောင်တွေ လတ်တလော နေထိုင်နိုင်ရေးနဲ့ စားနပ်ရိက္ခာ ဖူလုံရေးအတွက် ထောက်ပံ့ပေးထားတယ်လို့ ပြောပါတယ်။ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာ တိုက်နယ်မှာ ကျေးရွာအုပ်စု ၁၇ စုနဲ့ ကျေးရွာ ၄၃ ရွာရှိ​ပြီး ရသေ့တောင်မြို့နယ်တခုလုံးမှာ ကျေးရွာ ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ဇွန် ၂၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ နယ်မြေရှင်းလင်းရေး ညွှန်ကြားစာကို ရုပ်သိမ်း ပယ်ဖျက်လိုက်ကြောင်း ရခိုင်ပြည်နယ် အစိုးရ၊ လုံ/နယ်ဝန်ကြီးက ဇွန် ၂၆ ရက်နေ့က ပြန်လည်ထုတ်ပြန်ခဲ့ပေမဲ့ ဒေသခံတွေဟာ အင်တာနက် ဖြတ်တောက်ထားတာကြောင့် မသိကြဘဲ ထွက်ပြေးတိမ်းရှောင်နေကြတာလို့ သိရပါတယ်။ လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024