မဲပေးမှုဆိုင်ရာ ကြော်ငြာများနှင့် စာများကို တံဆိပ်တပ်သွားမည်ဟု ဖေ့စ်ဘွတ်ခ် ကြေညာ

လူမှုကွန်ရက်မီဒီယာရဲ့ မူဝါဒတွေကို ချိုးဖောက်ထားတဲ့၊ သတင်းဖြစ်လောက်တဲ့ စာသားတွေ၊ နိုင်ငံရေးသမားတွေဆီက အပါအဝင် ဖေ့စ်ဘွတ်ခ်သုံးသူတွေ တင်လာတဲ့ မဲပေးမှုဆိုင်ရာ ကြော်ငြာတွေနဲ့ စာတွေကို တံဆိပ်တပ်သွားမယ်လို့ ဖေ့စ်ဘွတ်ခ် နိုင်ငံတကာ ကော်ပိုရေးရှင်းက ဇွန် ၂၆ ရက်က ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က “အီးမေးလ်သုံးပြီး မဲပေးတာဟာ မဲလိမ်လည်မှုကို ဖြစ်စေတယ်။ လူတွေဟာ နိုင်ငံရေးခေါင်းဆောင်တွေဆီက ဆင်ဆာမဖြတ်ရသေးတဲ့ ကြေညာချက်တွေကို နားထောင်ဖို့ ထိုက်တန်တယ်” လို့ အရင်လက  လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူဖို့ ဖေ့စ်ဘွတ်ခ်ရဲ့ အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘက်က အရင်က ငြင်းခဲ့ပါတယ်။ ဒါကြောင့် Ben & Jerry's နဲ့ Dove တို့လို ကုန်အမှတ်တံဆိပ်တွေကို ထုတ်လုပ်နေတဲ့ ဥရောပကုမ္ပဏီကြီးက ဖေ့စ်ဘွတ်မှာ ကြော်ငြာမထည့်ဘဲ သပိတ်မှောက်မယ်လို့ ကြေညာခဲ့ပါတယ်။ မကြာခင်မှာလည်း ကိုကာကိုလာက ဖေ့စ်ဘွတ်ခ်ကို သပိတ်မှောက်ရာမှာ ပူးပေါင်းမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဖေ့စ်ဘွတ်ခ်ရဲ့ စတော့ရှယ်ယာ တန်ဖိုး ၈ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့လို့ အမေရိကန် ဒေါ်လာ ဘီလီယံ ၅၀ လောက် တန်ဖိုးကျဆင်းခဲ့ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းမှုနဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ လိင်မှုဆိုင်ရာ တိမ်းညွတ်မှု ဒါမှမဟုတ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စာတွေ၊ လူမျိုးရေး ဘာသာရေးနဲ့ဆိုင်တဲ့ အုပ်စုတွေက လူတွေအကြောင်းပါတဲ့ ကြော်ငြာတွေကို ဖေ့စ်ဘွတ်က တားမြစ်ပိတ်ပင်သွားမယ်လို့လည်း ဇူကာဘတ်က ပြောပါတယ်။ အမုန်းစကားတွေနဲ့ သတင်းမှားတွေကို အရေးယူဖို့ ဖိအားတွေ တိုးလာချိန်မှာ အမြတ်အစွန်းအတွက် အမုန်းစကားတွေကို ရပ်တန့်ကြ “Stop Hate for Profit,” လို့ နာမည်ပေးထားတဲ့ ကြော်ငြာတွေကို သပိတ်မှောက်ရေးလှုပ်ရှားမှု ကြီးထွားလာချိန်မှာ ဖေ့စ်ဘွတ်ခ်က မူဝါဒ ပြောင်းခဲ့ရတာပါ။ ဂျပန် ကားထုတ်လုပ်သူ ဟွန်ဒါ၊ ယူနီလီဗာ လုပ်ငန်းစု၊ ဗာရီဇုံ ဆက်သွယ်ရေး နိုင်ငံတကာ ကော်ပိုရေးရှင်းတို့ အပါအဝင် ကြော်ငြာရှင် ၉၀ ကျော်လည်း လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်လို့ Sleeping Giants တက်ကြွလှုပ်ရှားသူအုပ်စုက ထုတ်ပြန်တဲ့စာရင်းမှာ ဖော်ပြထားပါတယ်။  အမေရိကန် ရွေးကောက်ပွဲကာလမှာ အမုန်းစကားတွေနဲ့ သွေးခွဲစကားတွေကို လူမှုကွန်ရက် စာမျက်နှာပေါ် တင်ခွင့်ပြုထားတဲ့အတွက် ၂၀၂၀ တနှစ်လုံးမှာ ဖေ့စ်ဘွတ်၊ အင်စတာဂရမ်နဲ့ တွစ်တာ လူမှုကွန်ရက်တွေပေါ်မှာ ကြော်ငြာတာကို ရပ်ထားမယ်လို့ ယူနီလီဗာ အများပိုင် ကော်ပိုရေးရှင်းက ပြောအပြီး သောကြာနေ့မှာ Facebook ရဲ့ အစုရှယ်ယာက ၈ ရာခိုင်နှုန်းကျော် ကျဆင်းပြီး Twitter ရဲ့ ရှယ်ယာက ၇ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up