Home
ရုပ်သံ
မိတ္ထီလာတွင် မသန်စွမ်းသူများအတွက် သုံးဘီးဆိုင်ကယ် ၂ မျိုး တီထွင် (ရုပ်သံ)
DVB
·
June 28, 2020
မသန်စွမ်းသူတွေေအတွက် သုံးဘီးဆိုင်ကယ် ၂ မျိုး တီထွင်ထားတယ်လို့ မန္တလေးတိုင်း၊ မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်နေ လူငယ်တွင်ခုံလုပ်ငန်းရှင်တဦးက ပြောပါတယ်။ လူငယ်တွင်ခုံလုပ်ငန်းရှင် ကိုဇော်မျိုးဦးက “ချိုင်းထောက်နဲ့ သွားလာနေရတဲ့ မသန်စွမ်းသူတွေအတွက် ၅၀ စီစီအင်ဂျင်တပ် သုံးဘီးဆိုင်ကယ် တီထွင်လုပ်ပေးထားတယ်၊ အဲဒါကလည်း ရခိုင်ဘက်က မသန်စွမ်းတဦးက ပုံစံပြပြီး လုပ်ခိုင်းတာက စပြီး လုပ်ဖြစ်တယ်။ ဘက်ဂီယာပါတဲ့ အော်တိုဂီယာ သုံးဘီးဆိုင်ကယ်ပါ။ ဒီနေ့အထိ ၂၁ စီး လုပ်ပေးပြီးပြီ၊ ဆိုင်ကယ်စျေးကတော့ ရုပ်ထွက်ပေါ်မူတည်ပြီး ၇ သိန်းခွဲ၊ ၈ သိန်းခွဲ၊ ၉ သိန်းခွဲ၊ ၁၀ သိန်းခွဲ ဆိုပြီး ၄ မျိုးရှိတယ်။” ဝှီးချဲနဲ့နေရတဲ့ မသန်စွမ်းသူတွေ သွားရေးလာရေးအတွက် ၁၂ ဗို့ဘက်ထရီ ၅ လုံးတပ် သုံးဘီးဘက်ထရီဆိုင်ကယ်ကိုတော့ ယူကျူ့ရှာကြည့်ပြီး ထိုင်းနိုင်ငံမှာ လုပ်ပေးထားတာတွေရတဲ့အတွက် အဲဒီပုံစံယူပြီး လုပ်ထားတာလို့ ဆိုပါတယ်။ “၁၂ ဗို့ဘက်ထရီ ၅ လုံးတပ် သုံးဘီးဘက်ထရီဆိုင်ကယ်ပါ။ ပထမဆုံးအကြိမ်ဆိုတော့ ၁၂ သိန်းလောက်ကျသွားတယ်၊ နောက်အစီးတွေဆို စျေးသက်သာလာမှာပါ။ ဒီသုံးဘီးဆိုင်ကယ်ကို လိုချင်လို့ ဖုန်းဆက်မေးတယ်။ ၁၂ သိန်းဆိုတော့ မတတ်နိုင်သေးဘူး ပြောသွားတယ်၊ စိတ်မကောင်းဘူး၊ ဖိုက်ဘာဘော်ဒီအစား ပိုက်နဲ့လုပ်ရင် ဆေးသုတ်တာ လျှော့လုပ်ရင် ၂ သိန်းလောက် လျော့သွားမယ်၊ ၁၀ သိန်းအောက် ဖြစ်အောင်တော့ လုပ်ပေးချင်တယ်။ ဘက်ထရီ ၁ လုံးကို ၃ သောင်း တန်တယ်၊ ၅ လုံးဆိုတော့ ၁သိန်းခွဲကျတယ် ၁ နှစ်ခံမယ်။ အမျိုးအစားကောင်းရင် ၄ သိန်းခွဲလောက် ရှိတယ်။ အခု ဆိုင်ကယ်ဘက်ထရီ အားသွင်းထားရင် မိုင် ၂၀လောက်တော့ သွားနိုင်တယ်။” ကိုဇော်မျိုးဦးဟာ ၂၀၁၃ လောက်စပြီး ဆိုင်ကယ်အင်ဂျင်တပ် အိမ်စီးကားငယ်တွေ တီထွင်ခဲ့သူဖြစ်ပါတယ်။ ချိုင်းထောက်နဲ့ သွားလာရသူတွေအတွက် ၅၀ စီစီဂျပန်အင်ဂျင်တပ် သုံးဘီးဆိုင်ကယ်ကို ၂၀၁၈ ခုနှစ်မှာ စတင်လုပ်ခဲ့ပြီး ၁နာရီ မိုင် ၃၀ နှုန်းနဲ့ သွားနိုင်ပြီး နိုင်းတီးတူးဆီ ထည့်သုံးရမှာ ဖြစ်ပါတယ်။ ဝှီးချဲနဲ့ သွားလာရသူတွေအတွက်ကတော့ ကိုဗစ်ကာလ အလုပ်အားနေချိန်မှာ တီထွင်ခဲ့တာဖြစ်ပြီး ၁ နာရီ ၁၈ မိုင်နှုန်းလောက်နဲ့ မိုင် ၂၀ အကွာအဝေးကို သွားပြီးရင် ဘက်ထရီအားပြန်သွင်းရမှာ ဖြစ်ပြီး အားသွင်းချိန် ၇ နာရီကြာမယ်လို့ သိရပါတယ်။ မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024