ပအိုဝ်းပြည်သူ့စစ်က အန်အယ်လ်ဒီပါတီဝင်များကို ဖိအားပေးနုတ်ထွက်ခိုင်း
DVB
·
May 21, 2013
တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ဆတ်သေရွာက အန်အယ်လ်ဒီပါတီဝင် ၅၇ ဦးဟာ ပအိုဝ်းပြည်သူ့စစ်က လက်နက်ကိုင် ဖိအားပေးတာကြောင့် ပါတီကနေ နုတ်ထွက်သွားတယ်လို့ အန်အယ်လ်ဒီ တောင်ကြီးခရိုင် ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောပါတယ်။
ရပ်စောက်မြို့နယ် မောက်စံရွာသားတွေကိုလည်း သေနတ်နဲ့ ချိန်ပြီး နုတ်ထွက်ခိုင်းတယ်လို့ သူက ပြောပါတယ်။
“မောက်စံကတော့ မနေ့က တပ်ပြန်မထွက်ခင် သူတို့ သေနတ်တွေနဲ့ ချိန်သွားတယ်၊ နုတ်ထွက်ပါဆိုပြီး။ ဒါပေမယ့် မောက်စံကတော့ တယောက်မှမထွက်ဘူး။ ဆတ်သေရွာက လူတွေကတော့ ကွန်ပျူတာတွေ စာစီပြီးတော့ နာမည်နဲ့ မှတ်ပုံတင်နဲ့ လက်မှတ်ထိုးခိုင်းပြီး နုတ်ထွက်ကြောင်း ရိုက်ပြီးတော့ လုပ်လိုက်တာ။ ဗိုလ်မှူးကိုယ်တိုင်ကနေ စောင့်ပြီးတော့ မင်းတို့ နုတ်ထွက်စာရေးဆိုပြီး ဇွတ်လုပ်တာ။ နောက်ထပ်လုပ်မယ့် သုံးလေးရွာ ရှိသေးတယ်။”
သိမ်းဆည်းလယ်ယာမြေတွေ ပြန်လည်ရရှိရေး အန်အယ်လ်ဒီပါဝင်တွေက ကူညီပေးနေတာကို မကျေနပ်တဲ့အတွက် ပအိုဝ်းပြည်သူ့စစ်က အခုလို ပါတီဝင်အဖြစ်ကနေ ဖိအားပေးနုတ်ထွက်ခိုင်းတာလို့ အန်အယ်လ်ဒီပါတီဝင်တဦးက ပြောပါတယ်။
“ဖိအားပေးတာက ကျနော်တို့ လူ ၃ ယောက်ကို ဖမ်းသွားတာရှိတယ်။ တကယ်လို့ လက်မှတ်မထိုးဘူးဆိုရင် မလွှတ်ပေးဘူးဆိုတဲ့ သဘောရှိတယ်။ လက်မှတ်မထိုးရင် အန်အယ်လ်ဒီ အဖွဲ့ဝင်တွေကို ဖမ်းမယ်လို့ ခြိမ်းခြောက်ထားတယ်။ လယ်ယာမြေကိစ္စနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီပါတီဝင်တွေ လှုပ်ရှားနေတာကို အဲဒါကို သူတို့ ကန့်ကွက်တယ်ပေါ့။ တကယ်လို့ ဆက်လုပ်မယ်ဆိုရင် ပအိုဝ်းက အသွားရှိရင် အပြန်မရှိဘူးလို့ ပြောတယ်။ ပြန်လမ်းမရှိဘူးပေါ့၊ အဲလို ခြိမ်းခြောက်ထားတယ်။”
ဆတ်သေ၊ မောက်စံအစရှိတဲ့ ရွာတွေမှာ လုံခြုံမှု မရှိတာကြောင့် အန်အယ်လ်ဒီအဖွဲ့ဝင်တချို့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ တောင်ကြီးခရိုင် အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောပါတယ်။
“လောလောဆယ် တချို့တွေက ပြန်တောင်မပြန်ရဲဘူး။ တောင်ကြီးတို့ဘက်မှာ လာရှောင်နေကြတယ်။ ဟိုမှာရှိတဲ့ အန်အယ်လ်ဒီအဖွဲ့ဝင် အများစုကလည်း ထွက်လို့မရဘူး။ ”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုက တာဝန်ရှိသူတွေနဲ့ ပအိုဝ်းပြည်သူ့စစ် တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။