ပုသိမ်မြစ်ကူးတံတားသစ် ၉၅ ရာခိုင်နှုန်းပြီးစီး၊ သြဂုတ်လကုန်ပိုင်း ဖွင့်လှစ်မည်
DVB
·
June 28, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အသစ်ထပ်မံတည်ဆောက်နေတဲ့ မြစ်ကူးတံတားဟာ ၉၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်လို့ သြဂုတ်လကုန်ပိုင်းမှာ ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ တံတားတည်ဆောက်ရေးအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
တံတားသစ် တည်ဆောက်ပြီးစီးမှုကို ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်းက ဆောက်လုပ်ရေး ပြည်ထောင်စုဒုဝန်ကြီး ဦးကျော်လင်းနဲ့ တံတားအခင်းပိုင်းတွေ ကြိုးတွေကို လာရောက်စစ်ဆေးခဲ့ပြီး တံတားသံဘောင်တပ်ဆင်တာတွေ ပြုလုပ်ပြီးရင် အများပြည်သူ အသုံးပြုနိုင်အောင် ဖွင့်လှစ်ပေးသွားမယ်လို့ တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က DVB ကို ပြောပါတယ်။
“ကျနော်တို့ မှန်းထားတာတော့ အစောဆုံး ၈ လပိုင်းကုန်လောက်ကို အများပြည်သူ လမ်းသွားလမ်းလာ အသုံးပြုနိုင်အောင် အရှိန်ယူပြီး တည်ဆောက်နေပါတယ်၊ ခန့်မှန်းထားတဲ့ အချိန်ထက် စောပြီးခဲ့ရင်လည်း အများပြည်သူ အသုံးပြုနိုင်အောင် စောဖွင့်ပေးသွားမှာဖြစ်တယ်” လို့ ပြောပါတယ်။
ပုသိမ်တံတားသစ် ဖွင့်လှစ်ပြီးပါက ပုသိမ်မြို့မှတဆင့် ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ ကမ်းခြေများအပါအဝင် ဧရာဝတီတိုင်းမှတဆင့် ရခိုင်ပြည်နယ်ကို ကမ်းခြေပတ်လမ်းတွေက သွားလာနိုင်မှာလည်း ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် အောက်တိုဘာလကုန်ပိုင်းက စတင်တည်ဆောက်ခဲ့တဲ့ ပုသိမ်တံတားသစ်ဟာ သံမဏိသံဘောင်ခုံတံတားအမျိုးအစား ဖြစ်ပြီး အရှည်ပေ ၂၃၈၀၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေနဲ့ တဖက်စီမှာ လူသွားလမ်း ၅ ပေစီ ပါဝင်တယ်လို့ တံတားအထူးအဖွဲ့ (၁၆)မှ အင်ဂျင်နီယာမှူးကြီး ဒေါ်သစ်သစ်အောင်က DVB ကို ပြောပါတယ်။
“ဒီတံတားကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ စတင်တည်ဆောက်လာခဲ့တာ ဒီနေ့ထိဆို ၉၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါတယ်၊ တံတားကို လျာထားစီမံကိန်းတန်ဖိုး ၂၈ ဒသမ ၅ ဘီလီယံနဲ့ တည်ဆောက်ခဲ့တာ။”
လက်ရှိ ပုသိမ်မြို့ကနေ ကမ်းခြေတွေကို သွားလာဖို့ ဆက်သွယ်ထားတဲ့ ပုသိမ်ကြိုးတံတားမှာ တံတားခံနိုင်ဝန် လျော့ကျနေပြီဖြစ်လို့ တန် ၂၀ နဲ့ တန် ၂၀ အောက် ယာဉ်တွေကိုသာ ဖြတ်သန်း သွားလာခွင့်ပြုထားတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)