Home
မြန်မာသတင်း
အန်အယ်လ်ဒီကိုယ်စားလှယ်လောင်းများ ရွေးရာတွင် ပွတ်တိုက်မှုများရှိခဲ့ဟု ဒေါက်တာဇော်မြင့်မောင် ပြော
DVB
·
June 27, 2020
လာမယ့်ရွေးကောက်ပွဲအတွက် အန်အယ်လ်ဒီပါတီရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အလုပ်အမှုဆောင်အဖွဲ့တွေကြားမှာ ပွတ်တိုက်မှုတွေ ရှိခဲ့တယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ ဒီဗွီဘီနဲ့ မေးမြန်းခန်းမှာ ဒေါက်တာဇော်မြင့်မောင်က “ဘာကြောင့် ပွတ်တိုက်မှုတွေဖြစ်သလဲ ဆိုတော့ နယ်မြေနဲ့ ကင်းကွာသွားတဲ့ ကိုယ်စားလှယ်တွေရှိတယ်။ ကိုယ်စားလှယ်လည်း ဖြစ်သွားပြီးရော နယ်မြေကို အရောက်အပေါက်နည်းသွားတယ်ပေါ့။ ပြည်သူလူထုနဲ့လည်း အထိအတွေ့နည်းသွားပြီ။ ပြည်သူလူထုနဲ့ အထိအတွေ့နည်းတဲ့အခါကျတော့ မြို့နယ်အလုပ်အမှုဆောင်တွေကို သိပ်ဂရုမစိုက်တော့ဘူး။ သူတို့ စည်းရုံရေးဆင်းတဲ့ခါတွေ ဘာတွေမှာ မြို့နယ်အလုပ်အမှုဆောင် မခေါ်တော့ဘူး၊ အသိမပေးဘူးဆိုတော့ ကြားထဲမှာ ပွတ်တိုက်မှုတွေ ရှိပါတယ်။ တနည်းပြောရရင် အလုပ်အမှုဆောင်နဲ့ လက်ရှိကိုယ်စားလှယ်ရဲ့ ဆက်ဆံရေးက ကြဲပါးသွားတာလည်း ပါတယ်ပေါ့။ အဲဒါကို အလုပ်အမှုဆောင်တွေက စိတ်ထဲမှာ မှတ်ရင်မှတ်ထားမှာပေါ့။ ရွေးတဲ့အခါ ဘာဖြစ်လာလဲဆိုတော့ မြို့နယ်အလုပ်အမှုဆောင်တွေရဲ့ အမှတ်ပေးခံရတာ နည်းသွားတာပေါ့” လို့ ပြောပါတယ်။ တချို့ကတော့ မြို့နယ်အလုပ်အမှုဆောင်တွေနဲ့ ဆက်ဆံရေးကောင်းပေမယ့် ပြည်သူလူထုနဲ့ ဆက်ဆံရာမှာ မောက်မာတာတွေ ရှိသလို ပါတီရဲ့ စည်းကမ်းချိုးဖောက်လို့ အရေးယူခံထားရသူတွေလည်း ရှိနိုင်တယ်လို့ ပြောပါတယ်။ ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်မယ့်သူတွေစာရင်းကို ကောက်ယူနေပြီး မြို့နယ်အဆင့်မှာ ရွေးချယ်တာ၊ မြို့မိမြို့ဖရွေးတာမှာ မကျေနပ်ကြတာတွေရှိပြီး တိုင်စာတွေလည်း ရတယ်လို့ ပြောပါတယ်။ ပြီးတော့ လာမယ့်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ အနိုင်ရခဲ့ရင် တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ အပြောင်းအလဲဖြစ်နိုင်တယ်လို့ အန်အယ်လ်ဒီပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ ပါတီအနေနဲ့ လောလောဆယ် ဆုံးဖြတ်ထားတာ မရှိသေးပေမယ့် ဝန်ကြီးချုပ်တွေအပေါ် လူထုရဲ့ ဝေဖန်တာတွေကို မှတ်သားထားတယ်လို့ ပြောပါတယ်။ “ပြည်သူလူထုအသံကိုတော့ ကျနော်တို့ နားထောင်ထားတာရှိတယ်။ ဘယ်ဝန်ကြီးချုပ်တွေ ဝေဖန်ခံရလဲ။ ဘယ်ဝန်ကြီးချုပ်တွေ အပြောခံရလဲ။ ဘယ်ဝန်ကြီးချုပ်တွေကတော့ ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံမှု နည်းတယ် များတယ်ပေါ့။ ဒါလေးတွေက မှတ်တမ်းလေးတွေတော့ ရှိပါတယ်။ အခုအချိန်မှာတော့ ဘယ်ဝန်ကြီးချုပ်က ပါမယ်။ ဘယ်ဝန်ကြီးချုပ်က ပြုတ်မယ်ဆိုတာ တပ်အပ်ပြောလို့ကတော့ မရသေးဘူး။ ဒါပေမဲ့ အပြောင်းအလဲကတော့ ရှိတယ်ဆိုတာ သေချာပါတယ်။ အပြောင်းအလဲဆိုတာ မရှိစရာ အကြောင်းမရှိပါဘူး” လို့ ပြောပါတယ်။ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို အကဲဖြတ်တဲ့မှတ်တမ်းရှိပြီး ဒီ ၅ နှစ် ဖြတ်သန်းခဲ့တာကလည်း တန်ဖိုးရှိတာကြောင့် ထည့်စဉ်းစားတယ်လို့ ဆိုပါတယ်။ မန္တလေးတိုင်းဝန်ကြီးချုပ်လည်း ဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်က ဒီ ၄ နှစ်အတွင်းမှာ အန်အယ်လ်ဒီအစိုးရအနေနဲ့ အကောင်းဆုံးလုပ်ထားပြီးပြီလို့ ပြောပါတယ်။ “နှစ်ပေါင်း ၅၀ လောက်၊ ၆၀ လောက်ထိ အုပ်ချုပ်မှု miss management (စီမံခန့်ခွဲမှု အလွဲ) ပေါ့၊ တိုင်းပြည် ဖရိုဖရဲဖြစ်နေတယ်၊ ဆင်းရဲတွင်းနက်နေတယ်။ အားလုံးကို ဥုံဖွဆိုပြီး ပြုပြင်ပြောင်းလဲဖို့ မလွယ်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်လည်း ရှိနေသေးတယ်။ အဲတော့ စိတ်သွားတိုင်းကိုယ်မပါတဲ့ ဒီအခြေအနေမှာ ဝိုင်းဝေဖန်တဲ့ကြားထဲက ၄ နှစ်တာကာလမှာ အကောင်းဆုံး လုပ်ထားပြီးပါပြီ” လို့လည်း ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပြည်သူ့အားနဲ့ ပြင်နိုင်လိမ့်မယ်လို့ သူက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024