DVB Logo
Home
မြန်မာသတင်း
အလုပ်ရှင်များကို ထိရောက်စွာ အရေးယူသည့် ဥပေဒပြဋ္ဌာန်းရန်လို
DVB
·
May 20, 2013
အလုပ်ရှင်များကို ထိရောက်စွာ အရေးယူသည့် ဥပေဒပြဋ္ဌာန်းရန်လို
Donate to DVB

တော်ဝင် သစ်အချောထည်စက်ရုံ ဆန္ဒပြခေါင်းဆောင်တွေကို ဖမ်းဆီးတရားစွဲဆိုတာဟာ တဖက်သတ် ဆန်နေပြီး အလုပ်ရှင်တွေကို ထိရောက်စွာရေးယူတဲ့ ဥပေဒပြဋ္ဌာန်းဖို့ လိုတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူတွေက ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ၀ါးတရာစက်မှုဇုန်မှာရှိတဲ့ တော်ဝင်သစ်အချောထည် စက်ရုံအလုပ်သမားတွေကို အာဏာပိုင်တွေက ဖမ်းဆီးတရားစွဲဆိုမှုနဲ့ပတ်သက်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

[caption id="attachment_32726" align="alignleft" width="300" caption="မနှစ် နိုဝင်ဘာလ ၆ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြသည့် တော်ဝင်သစ်အချောထည် စက်ရုံအလုပ်သမားများ"][/caption]

ဒီအလုပ်သမားတွေဟာ မိမိအခွင့်အရေးအတွက် ဆန္ဒထုတ်ဖော်ရာမှာ အလုပ်ရှင်ဘက်က လိုက်ရောမှုမရှိတဲ့အတွက် ပဋိပက္ခဖြစ်ရာကနေ ဖမ်းဆီးခံရတာဖြစ်ပြီး ဒါဟာ တဖက်သတ်ဖြစ်တယ်လို့ အလုပ်သမားရေးရာဆောင်ရွက်ပေးသူ ကိုကျော်မင်းက ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ အလုပ်သမား မိသားစုတွေလည်း အခက်အခဲတွေရင်ဆိုင်နေတယ်လို့ ပြောပါတယ်။

“အလုပ်သမားတွေက ဥပဒေအရတောင်းဆိုမှုတွေ ရှိခဲ့တယ်။ နစ်နာခဲ့တယ်။ အခုနောက်ဆုံး ဖမ်းဆီးခံရတဲ့အထိ ဖြစ်ခဲ့တယ်။ ဥပဒေက တဖက်သတ်ပေါ့။ မိသားစုတွေလည်း အရမ်းစိုးရိမ် ကြောင့်ကြနေကြတယ်။ သားသမီးတွေကို ဘယ်မှာသွားထားရမလဲ၊ ရဲစခန်းမှာ အပ်ရမလား။ အဲလိုအခြေအနေမျိုးထိ မေးလာတာမျိုး ဖြစ်လာတယ်။ ဒီကလေးတွေ မရှိဘဲ စားဝတ်နေရေးကို မိသားစုတွေ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ မေးလာကြတယ်။ ပြဿနာအများကြီးအပေါ်မှာ ဥပဒေရဲ့တဖက်သတ်ကြောင့် အလုပ်သမားတွေ အရမ်းနစ်နာနေပါတယ်။”

တော်ဝင်သစ်အချောထည်အလုပ်သမားတွေက သူတို့ရဲ့ အခွင့်အရေးအတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကုန် လောက်ကတည်းက ဆန္ဒပြကြတာဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့ကစလို့ အလုပ်သမား ၁၀ ဦး အစာငတ်ခံဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြရက်ကြာလာတဲ့အတွက် ကျန်းမာရေးချို့တဲ့ပြီး ဆေးရုံမှာ တက်ရောက်ကုသခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းပေမယ့် မရတဲ့အတွက် မြို့နယ်တာဝန်ရှိသူတွေက ညှိနှိုင်းပြီး သဘောတူညီစာချုပ်တွေ ချုပ်ဆိုပေမယ့် အလုပ်ရှင်ဘက်က ချိုးဖောက်ခဲ့တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့  အလုပ်သမားရေးရာ တာဝန်ခံ ဒေါ်သက်သက်အောင်က ပြောပါတယ်။

ဒီကနေတဆင့် ခုံသမာဓိကို တက်ပြီး ခုံသမာဓိကနေ ချမှတ်တဲ့ ဆုံးဖြတ်ချက်ကို အလုပ်ရှင် ဦးကိုကိုထွေးက မလိုက်နာဘဲ တရားလွှတ်တော်ချူပ်ကို တင်ပြခဲ့တဲ့အတွက် အချိန် ၃ လစောင့်ဆိုင်းခဲ့ရပါတယ်။

ဒီကြားကာလမှာ အလုပ်သမားညွှန်ကြားရေးမှူးရုံး တာဝန်ရှိသူတွေက အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ခေါ်ယူညှိနှိုင်းပြီးနောက် အလုပ်သမားတွေ လုပ်ငန်းခွင်ပြန်ဝင်ပေမယ့် မပြေလည်မှုတွေ ဖြစ်ပွားခဲ့ပြီး အလုပ်ရှင်က အလုပ်သမားတွေကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုတဲ့အတွက် အလုပ်သမားတွေ အခုလို ဖမ်းဆီးခံရတာဖြစ်ပါတယ်။

ဒီလိုအလုပ်သမားနဲ့ အလုပ်ရှင်တွေအကြား သဘောတူညီမှုတွေရှိတဲ့ကြားက အလုပ်ရှင်က မလိုက်နာမှုမှာ အလုပ်ရှင်တွေကို ထိထိရောက်ရောက် အရေးယူတဲ့ ဥပဒေမရှိသေးဘူးလို့  ဒေါ်သက်သက်အောင်က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ လွတ်လပ်စွာအသင်းအပင်းဖွဲ့ခွင့်တွေကို ၂၀၁၁ အောက်တိုဘာ ၁၁ ရက်နေ့မှာ တရားဝင်ချမှတ်ပြီး ဖွဲ့စည်းခွင့်တွေ ပေးလိုက်သော်လည်းပဲ အလုပ်ရှင်တွေဘက်ကနေ နည်းမျိုးစုံနဲ့ နှောင့်ယှက်ဖျက်ဆီးမှုတွေ ရှိလာတယ်။ ဒါတွေကို အစိုးရဘက်က ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်နိုင်ခြင်း မရှိဘူး။ တော်ဝင်အလုပ်သမားတွေကိစ္စမှာလည်း အလုပ်ရှင်နဲ့အလုပ်သမား ညှိနှိုင်းမှုတွေလုပ်တယ်။ မြို့နယ်ညှိနှိုင်းရေးရုံးမှာလည်း သဘောတူစာချုပ် ချုပ်တယ်။ ဖောက်ဖျက်တယ်။ ခုံသမာဓိကောင်စီက ဆုံးဖြတ်တယ်။ မလိုက်နာဘူး။ ဒီလိုအဆင့်ဆင့်တွေကို မလိုက်နာတဲ့ အလုပ်ရှင်တွေကိုတော့ ထိရောက်တဲ့ အရေးယူမှုတွေ ဥပဒေမှာ မပါလာဘူး။ အဲတော့ ကျမတို့အနေနဲ့ ခုံသမာဓိကောင်စီကနေ ချမှတ်လိုက်ပြီးတဲ့ ဆုံးဖြတ်ချက်တွေကို မလိုက်နာဘူးဆိုရင် ထိရောက်စွာ အရေးယူပေးဖို့ ဥပဒေမှာ သေသေချာချာ ပြဋ္ဌာန်းပေးဖို့ တောင်းဆိုမယ်။”

ဖမ်းဆီးချုပ်နောင်ခံထားရတဲ့ အလုပ်သမားအတွေအတွက် တရားမျှတအောင် ကူညီဆောင်ရွက်မှာဖြစ်သလို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (အိုအယ်လ်အို) ကိုလည်း စာတင်သွားမယ်လို့ ဒေါ်သက်သက်အောင်က ပြောပါတယ်။

တော်ဝင်သစ်အချောထည်စက်ရုံ ဆန္ဒပြခေါင်းဆောင် ၁၂ ဦးကို  မေ ၁၄ ရက်က ဖမ်းဆီးပြီး အင်းစိန်ထောင်မှာချုပ်နှောင်ထားတာပါ။
ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့စီတန်းလှည့်လည်ခွင့်ပုဒ်မ၊ ပိုင်နက်ကျူးကျော်မှု အစရှိတဲ့ ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုထားတယ်လို့ အလုပ်သမားတွေအတွက် ရှေ့နေအဖြစ် လိုက်ပါပေးမယ့် ဦးအောင်သူရိန်ထွန်းက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013