Home
မြန်မာသတင်း
ဇွဲကပင်တောင်ပေါ်တွင် ပျောက်ဆုံးသွားသည့် တက္ကသိုလ်ကျောင်းသူကို သေဆုံးလျက်တွေ့ရှိ
DVB
·
June 27, 2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ပေါ်မှာ ဇွန် ၂၅ ရက်နေ့ ညနေ ပိုင်းက ပျောက်ဆုံးသွားတဲ့ တက္ကသိုလ် ကျောင်းသူ ၁ ဦးကို ဒီနေ့မနက် သေဆုံးလျက် ပြန်တွေ့ပြီလို့ ဘားအံမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး တင်ထွန်းအောင်က ပြောပါတယ်။ လက်ရှိမှာတော့ သေဆုံးသွားတဲ့ ကျောင်းသူရဲ့အလောင်းကို ပြန်လည်သယ်ဆောင်ရေး ဆောင်ရွက်နေတယ်လို့ ရဲမှူးက ဆိုပါတယ်။ ပျောက်ဆုံးခဲ့တဲ့ ကျောင်းသူဟာ ဇွန် ၂၅ ရက်နေ့ညနေပိုင်းက နေထိုင်ရာ အဆောင်ကနေ  ဇွဲကပင်တောင်ပေါ် တက်ရောက်သွားပြီးနောက် ပျောက်ဆုံးခဲ့ပြီး ဒီနေ့မနက် ဇွဲကပင်တောင်ထိပ် ချောက်တခုအတွင်းမှာ သေဆုံးလျက် တွေ့ခဲ့တာပါ။ ဘားအံမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် ၁ စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၉ ဦးတို့နဲ့ ရှာဖွေကယ်ဆယ်ရာ ညနေ ၅ နာရီ ၅၀ အချိန် အမြင့်ပေ ၂၀၀၀ လောက်မှာ အမျိုးသမီးစီး ဖိနပ် ၁ ရံ တွေ့ရှိခဲ့ပြီး တောင်စောင်းတွေမှာ ဆက်လက်ရှာဖွေခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီနောက် ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေ၊ မာဃလူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်တွေ၊ ပြည်နယ်မြေတိုင်းအဖွဲ့မှ Drone အဖွဲ့တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး ဇွန် ၂၆ ရက် မနက် ၉ နာရီကစတင်ပြီး ဆက်လက်ရှာဖွေခဲ့ရာ  ညနေ ၄ နာရီခွဲမှာ ပျောက်ဆုံးသူရဲ့ ဆိုင်ကယ်သော့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ဆက်လက်ရှာဖွေရာ ဒီနေ့မနက် ၁၀ နာရီကျော်လောက်မှာ သေဆုံးလျက် တွေ့ရှိခဲ့ပြီး သယ်ဆောင်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ပျောက်ဆုံးခဲ့တဲ့ အမျိုးသမီးဟာ ဘားအံတက္ကသိုလ်မှာ ဂုဏ်ထူးတန်း ပထမနှစ် တက်ရောက်နေသူဖြစ်ပြီး  ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ သီရိဈေးအနောက်ဘက်ရှိ အမျိုးသမီးဘော်ဒါဆောင်မှာ နေထိုင်တယ်လို့ သိရပါတယ်။ Photo : Myanmar Fire Services Department
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024