DVB Logo
Home
မြန်မာသတင်း
မွန်ပြည်သစ်ကို အစိုးရပေးထားသည့်မြေများ ပြန်ရရေး ရွာသားများ တောင်းဆို
DVB
·
May 20, 2013
Donate to DVB

အစိုးရနဲ့ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်း ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ဖို့ မွန်ပြည်သစ်ပါတီကို လုပ်ပိုင်ခွင့်ပေးလိုက်တဲ့ မြေတွေထဲမှာ ပေါင်မြို့နယ်က ရွာသားပိုင်မြေတွေ ပါဝင်နေတဲ့အတွက် အဲဒီမြေတွေ ပြန်ရရေး ရွာသားတွေ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်တွေနဲ့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က အပစ်ခတ်ရပ် လက်မှတ်ရေး ထိုးပြီးတဲ့နောက်ပိုင်း ပေါင်မြို့နယ် အလယ်ပိုင်းက ကုလားမတောင်ကြောတလျှောက် မြေဧက ၃ ထောင်ကို မွန်ပြည်သစ်ပါတီက လုပ်ပိုင်ခွင့်ရခဲ့ပါတယ်။

ဒါပေမယ့် အဲဒီမြေတွေမှာ ဒေသခံရွာသား အနည်းဆုံး ၃၀ နီးပါး ပိုင် မြေဧကပေါင်း ၂၀၀ ကျော် ပါဝင်နေပြီး သူတို့နစ်နာဆုံးရှူံးမှုတွေ၊ အဲဒီမြေကြောင့် နောက်ဆက်တွဲ အချင်းများရတဲ့ ပြဿနာတွေ ဖြေရှင်းပေးဖို့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြေတိုင်းရုံးတွေကို တင်ထားပေမယ့် အရေးယူဆောင်ရွက်ပေးတာ မရှိတဲ့အတွက် မေလ ၁၈  ရက်နေ့ မနက်ပိုင်းက ပေါင်မြို့ထဲမှာ တန်းစီလှည့်လည် ဆန္ဒပြခဲ့တယ်လို့ ဆန္ဒပြခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းညွန့်က ခုလိုပြောပါတယ်။

“ခြံပိုင်ရှင်တွေကို ကိုယ့်ခြံကိုယ်ပြန်လိုချင်ရင် ၁ ဧကကို ၁ သိန်း၊ ခြံကောင်းရင် ၂ သိန်းခွဲနဲ့ ပြန်ဝယ်ရမယ်တဲ့။ ၀ယ်တဲ့သူလည်း ၀ယ်ကြတယ်။ ၀ယ်သူတွေက ရိုးရိုးသားသား မဟုတ်ဘူး၊ တခြားလူက လိုချင်တော့ ခြံမရှိဘဲ ၀ယ်လိုက်တယ်၊ ရွာသားအချင်းချင်း စကားများကြတယ်။ မူလပိုင်ရှင်နဲ့ ၀ယ်တဲ့သူနဲ့ သူပိုင်တယ် ငါပိုင်တယ်နဲ့ စကားများပြီး ခြံကိုမီးရှို့ကြတယ်။ မတ်လပိုင်းလောက်က ပြဿနာတက်ကြတာ။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီကို မေးမြန်းကြည့်ရာမှာ ပါတီပြောခွင့်ရ နိုင်ဟံသာဗွန်ခိုင်ကတော့ ရွာသားပိုင်မြေတွေဖြစ်ကြောင်း သက်သေအထောက်အထားပြနိုင်ရင် အဲဒီမြေတွေ ပြန်ပေးကြောင်း၊ မော်လမြိုင်မှာရှိတဲ့ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးကနေတဆင့် ဆက်သွယ် တောင်းဆိုနိုင်ကြောင်း ပြောပါတယ်။

“ကျနော်တို့မှာလည်း မူရရှိတာပဲ။ မူအရ အဲဒီ မြေမှာ ဘယ်သူဖြစ်ဖြစ် သူလုပ်ထားတာရှိရင် အကုန်ပြန်ပေးတယ်။ အရင်ကဆိုရင်တောင် အကာအကွယ်ပေးပြီး မြေကိုထိန်းသိမ်းပေးတာရှိတယ်။ စိုက်ထားတာရှိရင်၊ သက်သေပြနိုင်ရင် ပေးတယ်။ သက်သေအထောက်အထားမခိုင်ဘူး၊ ထုတ်တာတာလည်း မရှိရင်တော့ ပေးမှာမဟုတ်ဘူး။ ဥယျာဉ်ခြံမြေ ဖော်လို့ရအောင် ကျနော်တို့အဖွဲ့က ယန္တရားနဲ့ လမ်းဖောက်ရတယ်။ သိန်း ၁၀၀၀ နီးပါ ကုန်ကျတယ်။ ယန္တရားနဲ့ ဆီဖိုး။ အဲထက်ခက်တဲ့နေရာဆို ကွန်ကရစ်တွေလုပ်ရတာရှိတယ်။ မြေကွက်အလိုက် ပြန်ယူတာရှိတယ်။”

ဆန္ဒထုတ်ဖော်ပွဲမှာ ပေါင်မြို့နယ် ထန်းပင်ချောင်း၊ သဲကုန်း၊ ကျားဖို၊ ကျုံက၊ ညောင်ကုန်းကြီး၊ မုတ္တမ၊ သဲအိမ် အစရှိတဲ့ ရွာပေါင်း ၁၄ ရွာက စုစုပေါင်း ကိုယ်စားလှယ် ၁၀၀ ကျော် ပါဝင်ခဲ့ပြီး ရပ်ကွက်ပေါင်း ၃ ခုမှာ ၁ နာရီနီးပါး လှည့်လည် ဆန္ဒပြခဲ့တယ်လို့ ဦးဝင်းညွန့်က ပြောပါတယ်။

ဆန္ဒထုတ်ဖော်ပွဲမှာ မြေယာတွေ ပြန်ရရေးအပြင် လျှပ်စစ်မီးရရှိရေးကော်မတီကနေ ရွာသားတွေဆီက မီးမီတာခ တိုးမြှင့်ကောက်ခံတာ၊ မီတာဘောက်စ် ကျပ် ၅ သိန်းကနေ ၁၀ သိန်းထိ တိုးမြှင့်ကောက်ခံတာ၊ အများနဲ့ဆိုင်တဲ့ ရွာလမ်းကို ကျေးရွာ အုပ်ချုပ်ရေးမှူးက ရောင်းစားပစ်လို့ သွားရေးလာရေးအခက်အခဲဖြစ်နေတဲ့ကိစ္စနဲ့ စာသင်ကျောင်းပိုင်မြေတွေကို ရွာအုပ်ချုပ်ရေးမှူးက ရောင်းစားတာတွေ၊ ဌာနဆိုင်ရာကို တိုင်ကြားပေမယ့်  အရေးယူဆောင်ရွက်ပေးခြင်း မရှိတာတွေကို ဆန္ဒထုတ်ဖော်ခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဆန္ဒပြပြီး သက်ဆိုင်ရာက ဘာမှ အရေးယူဆောင်ရွက်ပေးတာမရှိရင် တရးမျှတမှုရရှိဖို့ တခြားနည်းလမ်းတွေနဲ့ လှုပ်ရှားသွားမယ်လို့လည်း ဦးဝင်းညွန့်က ပြောပါတယ်။
အခုလို ဆန္ဒထုတ်ဖော်ခွင့်ရဖို့ မြို့နယ်ရဲစခန်းကို ခွင့်တောင်းတာ ၆ ကြိမ်ရှိပြီး မရတဲ့အတွက်  ပြည်နယ် ရဲမင်းကြီးရုံးထိ တောင်းခဲ့ရကြောင်း၊ ဆန္ဒပြလိုသူ ဦးရေ ထောင်ချီရှိပေမယ့် ရဲရုံးက လူ ၁၀၀ ပဲ ခွင့်ပြုခဲ့တယ်လို့ ဦးဝင်းညွန့်က ဒီဗွီဘီကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013