Homeမြန်မာသတင်း
အထောက်အထားမဲ့ ဘင်္ဂါလီများအား နေရာစီစဉ်ပေးခဲ့သည့် လပွတ္တာကျေးရွာအုပ်ချုပ်ရေးမှူးပါ ၃ ဦးကို ဖမ်းဆီး
အထောက်အထားမဲ့ ဘင်္ဂါလီများအား နေရာစီစဉ်ပေးခဲ့သည့် လပွတ္တာကျေးရွာအုပ်ချုပ်ရေးမှူးပါ ၃ ဦးကို ဖမ်းဆီး
DVB
·
June 27, 2020
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်ကို ရခိုင်မြောက်ပိုင်းမှ အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ ဘင်္ဂါလီ ၁၆ ဦးကို ဇွန်လ ၂၃ ရက်နေ့က ဖမ်းမိခဲ့တာနဲ့ပတ်သက်ပြီး လပွတ္တာမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦးကို ထပ်မံဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ရခိုင်ပြည်နယ်မှ ဘင်္ဂါလီတွေ ဧရာဝတီတိုင်း၊ လပွတ္တာကို ဝင်ရောက်လာစဉ် နေရာစီစဉ်တာတွေ ပြုလုပ်ပေးခဲ့တာကြောင့် လပွတ္တာမြို့နယ်၊ ဘိုင်းတောင်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မြင့်၊ တင်အောင်မိုးနဲ့ ဇော်လေးတို့ကို ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးခဲ့တာပါ။
မြောင်းမြမြို့နယ်တပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတဦးက “တရားမဝင်ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေ တွေရှိတာနဲ့ပတ်သက်သူတွေကို ကွင်းဆက်ဖော်ထုတ်နိုင်ဖို့ ဆောင်ရွက်ခဲ့ရာကနေ အခုလို နောက်ဆက်တွဲတရားခံတွေ ထပ်မံဖမ်းမိတာပါ။ ပြည်သူလူထုကလည်း ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပါဝင်ပေးကြပါ” လို့ ပြောပါတယ်။
အထောက်အထားမဲ့ ဘင်္ဂါလီတွေကို ရေလမ်းခရီးကနေ ရခိုင်တိုင်းရင်းသားပိုင် စက်လှေနဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ကျေးရွာနဲ့ ဒါးပိုင်းကျေးရွာတွေကနေ မြောင်းမြမြို့နယ်ကို ခိုးဝင်ရောက်ရှိစဉ် ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ပြည်သူတွေရဲ့ သတင်းပေးမှုအရ ဖမ်းဆီးနိုင်ခဲ့တာလို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။
“ဖမ်းမိတဲ့သူ ၁၆ ဦးကိုတော့ ပရိယတ္တိစွမ်းအားတောရကျောင်း Facility Quarantine ထားပြီး စောင့်ကြည့်ထားပါတယ်။”
အဲဒီတရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေအား လာရောက်ခေါ်ဆောင်သူ ၄ ဦးကိုလည်း အိမ်မဲကားလမ်းမပေါ် မှာ ဇွန်လ ၂၃ ရက်နေ့ ညပိုင်းက ဖမ်းမိခဲ့ပြီး မြောင်းမြမြို့မရဲစခန်းမှာ (ပ)၅၀၈/၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇/၁၁၄ နဲ့ အမှုဖွင့် ဖမ်းဆီးအရေးယူထားပါတယ်။
သတင်း - မင်းထက်မုန်း(ပုသိမ်)၊ ဓာတ်ပုံ - ဘိုဘို (မြောင်းမြ)