အနောက်တောင်မုတ်သုံလေ မြစ်ဝကျွန်းပေါ် ၀င်ရောက်နိုင်
DVB
·
May 20, 2013
အနောက်တောင်မုတ်သုံလေဟာ မြစ်ဝကျွန်းပေါ်ဒေသကို မေ ၁၉ ရက်မှ ၂၃ ရက်အတွင်း ၀င်ရောက်နိုင်မယ်လို့ ခန့်မှန်းထားပြီး၊ လောလောဆယ်တော့ မုတ်သုံလေအား အသင့်အတင့်ပဲရှိတယ်လို့ မြန်မာနိုင်ငံမိုးလေ၀သဌာန ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။
မုတ်သုံလေဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသကို မေလ ၁၆ ရက်က မဟာစင်မုန်တိုင်းနဲ့အတူ ၀င်ရောက်ခဲ့ပြီး ပုံမှန်ထက် တပတ်လောက် နောက်ကျ ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။
မေလ ၁၉ ရက်မှာတော့ မွန်ပြည်နယ်၊ ချောင်းဆုံမြို့မှာ မိုးရေချိန် ၃.၀၃ လက်မ၊ ပေါင်မြို့မှာ ၂.၇၂ လက်မ၊ ကျိုက္ခမီမြို့မှာ ၁.၃၄ လက်မ၊ ကျိုက်မရောမြို့မှာ ၁.၂၅ လက်မနဲ့ တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ ၁.၄၅ လက်မတို့ မှတ်သားဖွယ်ရာ ရွာသွန်းခဲ့တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားပါတယ်။