ဖျာပုံမြို့နယ်အတွင်း ဝက်အများအပြား သေဆုံးနေ
DVB
·
June 26, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်းရှိ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ တပိုင်တနိုင် မွေးမြူထားတဲ့ ဝက်တွေ အများအပြား အခုနှစ် မိုးရာသီမှာ သေဆုံးနေတယ်လို့ ဝက်မွေးမြူသူတွေက ပြောပါတယ်။
အပြောင်ကျေးရွာနေ ဝက်မွေးမြူသူ ဦးတင်ငွေက “ကျနော်တို့နားမှာ သေသွားတာ ဝက်အကောင် ၆၀ လောက်ရှိတယ်။ ကျနော် မွေးထားတဲ့ ဝက်ကလေး ၃ ကောင်ကို လွန်ခဲ့တဲ့ရက်ပိုင်းက တစ်ကောင်ကို ၃ သိန်း ၆ သောင်းပေးပြီးလာဝယ်တယ်။ နည်းတယ်ဆိုပြီး မရောင်းလိုက်တာ။ အခု အဲဒီဝက်တွေ အကုန်သေသွားတယ်။ ဝက်ကတော့ ပထမပိုင်း ပုံမှန် အစာစားနေတာပဲ။ ဆေးကုရင်းနဲ့ ၂ ရက် ၃ ရက်ပဲ ခံတယ်။” လို့ ပြောပါတယ်။
အပြောင်ကျေးရွာနေ ဝက်မွေးမြူသူ ဒေါ်ခင်ရီက "ဝက် ၇ ကောင်က ၁ နှစ်ကျော်ရှိပြီမွေးထားတာ။ ဝက်စာဖိုးတင် ၇ သိန်းကျော်လောက်ကုန်တယ်လေ။ ကျမက မုဆိုးမလေ။ ကလေးတက္ကသိုလ်တက်ဖို့ ဝက်ကလေးတွေးမွေးပြီး ကျောင်းထားရတာ။ အခုဝက်ကလေးတွေ ၃ သိန်းကျော် ၄ သိန်းလောက်ရမှ ၁၀ ရက်အတွင်းသေဆုံးသွားတာ။ သိန်း ၃၀ နီးပါးလောက်ဆုံးရှုံးသွားတယ်။ ငိုရုံကလွဲလို့ ဘာမှမတတ်နိုင်တော့ဘူး။” လို့ ပြောပါတယ်။
ဖျာပုံခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ 'စ' နေမျိုးအောင်က “ဝက်တွေ ဒီရာသီမှာ နှစ်စဉ် အသေအပျောက်ဖြစ်ကြတယ်။ မိုးဦးကျရာသီမှာဆိုရောဂါအဖြစ်များတယ်။ အခုဖြစ်တဲ့ရောဂါ ဘာရောဂါလည်းသိဖို့ သေဆုံးသွားတဲ့ ဝက်တွေကို နမူနာယူပြီး ရန်ကုန်ဓာတ်ခွဲခန်းပို့ပြီး စမ်းသပ်မှ တိကျတဲ့ အဖြေသိရမှာ”လို့ ပြောပါတယ်။
ဝက်တွေသေဆုံးမှုတွေ များပြားနေတာကြောင့် ဖျာပုံမြို့နယ်အတွင်းရှိ ဝက်မွေးမြူသူတွေဟာ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ ဝက်တွေဟာ ဒေသပေါက်စျေး ဝက် ၁ ကောင်ကို ငွေကျပ် ၈ သောင်းမှ ငွေကျပ် ၃ သိန်းကျော်၊ ၄ သိန်းဝန်းကျင်ရှိတယ်လို့ ဝက်မွေးမြူသူတွေက ပြောပါတယ်။
သတင်း- ကျော်စိုးမိုး