ယူရိုပါလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ရှိနေဆဲဟု အာတီတာပြော

1.2K
အာဆင်နယ်အသင်းအတွက် ယူရိုပါလိဂ် ဝင်ရောက်ခွင့်မျှော်လင့်ချက် ရှိနေသေးတယ်လို့ နည်းပြ အာတီတာက ပြောဆိုလိုက်ပါတယ်။
ဆောက်သမ်တန်အသင်းကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီးနောက် အခုလိုပြောဆိုခဲ့တာပါ။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ကို ပြန်လည်စတင်ခဲ့ပြီးနောက် ကစားခဲ့တဲ့သုံးပွဲမှာ နှစ်ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။
ဒါပေမယ့် ကြာသာပတေးနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာတော့ ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်လိုက် ပြီး အသင်းကလည်း အမှတ်ပေးဇယားရဲ့အဆင့် ကိုးနေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။
လက်ရှိအနေအထားအရ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်မရှိသလောက်နည်းပါးသွားခဲ့ပြီဖြစ်ပေမယ့် မန်စီတီးအသင်းရဲ့ ဘဏ္ဍာရေး အရှုပ်တော်ပုံကြောင့် ယူရိုပါလိဂ်တစ်နေရာအတွက် မျှော်လင့်နိုင်သေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။
ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့မှုအတွက် မန်စီတီးအသင်းကို ယူအီးအက်ဖ်အေက ဥရောပပြိုင်ပွဲဝင်ရောက်ခွင့် ပိတ်ပင်ထားပြီး အသင်းက အယူခံဝင်ထားပေမယ့် အခုချိန်ထိ မဆုံးဖြတ်ရသေးဘူးဖြစ်ပါတယ်။
ဒီအခြေအနေမှာ အာတီက “ကျနော်က အကောင်းမြင်ဝါဒီပါ။ ကျနော်တို့မှာ အချိန်ရှိသေးသလို လုံလောက်တဲ့ပွဲအရေအတွက်လည်း ရှိနေပါသေးတယ်။ ကျနော့်လက်ထက် ပထမဆုံးအကြိမ် နှစ်ပွဲဆက်တိုက်ရှုံးပွဲကြုံတွေ့ခဲ့ရပေမဲ့ နောက်တပွဲမှာတော့ ကျနော်တို့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲက ကျွန်တော်တို့စိတ်ဓာတ်တွေကို မြှင့်တင်ပေးနိုင်သလို ယုံကြည်မှုတွေလည်း မြင့်တက်လာစေပါတယ်။ လက်ရှိပွဲစဉ်ဇယားက ကျနော်တို့အတွက် အနည်းငယ်ခက်ခဲမှုရှိပါတယ်။ နောက်ထပ် အဝေးကွင်းပွဲစဉ် ၄ ပွဲကစားဖို့ကျန်ရှိနေဆဲဖြစ်ပြီး ကျနော်တို့ ကစားသမားတွေလဲ ပြန်လည်ကြံ့ခိုင်လာဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။
ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးတွေကို လူငယ်တိုက်စစ်မှူးတွေဖြစ်တဲ့ အန်ခီးတီးယားနဲ့ ဂျိုးဝီးလော့ဒ်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ကြမ်းတမ်းစွာကစားခဲ့တဲ့အတွက် ဆောက်သမ်တန် ကစားသမား ဂျက်စတီဖင်ဟာ အနီကတ်ပြထုတ်ပယ်ခံခဲ့ရတယ်လို့ သိရပါတယ်။