Homeမြန်မာသတင်း
ရသေ့တောင်မြို့နယ်၌ တပ်မတော်က နယ်မြေရှင်းလင်းမည်၊ ရွာသားများ ခေတ္တရှောင်တိမ်းရန် သတိပေး
ရသေ့တောင်မြို့နယ်၌ တပ်မတော်က နယ်မြေရှင်းလင်းမည်၊ ရွာသားများ ခေတ္တရှောင်တိမ်းရန် သတိပေး
DVB
·
June 25, 2020

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းတိုက်နယ်မှာ တပ်မတော်က နယ်မြေ ရှင်းလင်းရေး ပြုလုပ်မှာမို့ အများပြည်သူတွေအနေနဲ့ ကျေးရွာတွေကနေ ခေတ္တရှောင်တိမ်း နေထိုင်ကြဖို့ ဇွန်လ ၂၄ ရက်စွဲနဲ့ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက တရားဝင် အမိန့်ထုတ်ပြန်ထားပါတယ်။
ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်မြင့်သိန်းက "ဟုတ်ပါတယ်။ အဓိက ကျောက်တန်းကျေးရွာ အနီးတစ်ဝိုက်ပေါ့။ နယ်မြေရှင်းလင်းရေး လုပ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး တွေကိုခေါ်ယူပြီး မနေ့ကတည်းက အသိပေးအကြောင်းကြားထားပါတယ်။ နယ်မြေရှင်းလင်းရေးက ဒီနေ့တော့ မလုပ်လောက်သေးဘူးဗျ။ မနက်ဖြန်လောက်မှ စမယ်ထင်ပါတယ်။"လို့ ဒီဗွီဘီကို အတည်ပြုပြောကြားပါတယ်။
ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ထုတ်ပြန်တဲ့ အမိန့်မှာ ရသေ့တောင်မြို့နယ် ကျောက်တန်းအနီးဝန်းကျင် တဝိုက်ရှိ ကျေးရွာတွေမှာ အေအေအဖွဲ့တွေ ဖြန့်ခွဲလှုပ်ရှားနေတယ်လို့ သတင်းရရှိထားကြောင်း၊ ကျေးရွာတွေမှာ အေအေ အဖွဲ့ဝင်တွေနဲ့ ပတ်သက်ဆက်နွှယ်သူတွေကို လက်ခံထားခြင်း မပြုကြဖို့နဲ့ အဆိုပါ ကျေးရွာတွေကို တပ်မတော်စစ်ကြောင်းတွေက နယ်မြေရှင်းလင်း ဆောင်ရွက်သွားမယ်လို့ ပါရှိပါတယ်။
နယ်မြေရှင်းလင်းစဉ် အေအေအဖွဲ့နဲ့ထိတွေ့ တိုက်ပွဲတွေဖြစ်ပွားပါက ကျေးရွာအတွင်း နေထိုင်သူတွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေဖို့ ကျေးရွာတွေမှာ နေထိုင်ခြင်း မပြုကြဘဲ ခေတ္တရှောင်တိမ်း နေထိုင်ကြဖို့ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးတွေက တဆင့် အသိပေးဆောင်ရွက်သွားဖို့လည်း အမိန့်ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ထုတ်ပြန်ချက်ကြောင့် ကျောက်တန်းနယ်တစ်ခုလုံးရှိ ကျေးရွာပေါင်း ၄၃ ရွာမှ ကျေးရွာသားတွေ တစ်ခြား နယ်မြေတွေကို ပြောင်းရွေ့နေကြရတယ်လို့လည်း သိရပါတယ်
ဇွန်လ ၂၄ ရက်မနက်က ရသေ့တောင်တောင်ပိုင်း မေယုမြစ်အတွင်းက မြန်မာစစ်တပ် ဇက်ရေယာဉ်ကို အေအေအဖွဲ့က ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခဲ့လို့ ရေတပ်မက ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၂၄ ရက် ညနေ ၄ နာရီ ၁၅ မိနစ်လောက်ကကလည်း တပ်မတော်စစ်ကြောင်း တစ်ခု မိုင်းဆွဲတိုက်ခိုက်ခံပြီး ပြန်လည်ပစ်ခတ်တာတွေကြောင့် စစ်ဘေးရှောင်တစ်ဦး ခြေထောက်ကျည် ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီနေ့ ဇွန်လ ၂၅ ရက်နေ့မှာ ရသေ့တောင်မြို့နယ်၊ နယ်မြေခံတပ်ရင်းမှ တပ်မိသားစုဝင် အမျိုးသား ၃ ဦးကို အေအေ တပ်ဖွဲ့ဝင်တွေနဲ့ အမာခံတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ထားပါတယ်။
အဆိုပါဖမ်းဆီးခေါ်ဆောင်မှုနဲ့ ပတ်သက်ပြီး အေအေ ဘက်ကိုတော့ ဆက်သွယ် အတည်မပြုနိုင်သေးပါဘူး။
သတင်း - လင်းလက်