DVB Logo
Home
မြန်မာသတင်း
အမေရိကန်ရောက် မြန်မာနိုင်ငံသားများ ပြန်လာရန် သမ္မတ ဖိတ်ခေါ်
DVB
·
May 20, 2013
အမေရိကန်ရောက် မြန်မာနိုင်ငံသားများ ပြန်လာရန် သမ္မတ ဖိတ်ခေါ်
Donate to DVB

အမေရိကန်ရောက် မြန်မာတွေကို ပြန်လာကြဖို့ မေ ၁၈ ရက်နေ့ ၀ါရှင်တန် အမေရိကန်သံရုံး မြန်မာမိသားစုတွေနဲ့ တွေ့ဆုံရာမှာ သမ္မတဦးသိန်းစိန်က ဖိတ်ခေါ်လိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်က အမေရိကန်ရောက် မြန်မာတိုင်းရင်းသားတွေအနေနဲ့ တတ်ကျွမ်းတဲ့ ပညာနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၀ိုင်းဝန်းပါဝင် ဆောင်ရွက်နိုင်ဖို့ တိုင်းပြည်ကို ပြန်လာကြဖို့ ဖိတ်ခေါ်တဲ့အကြောင်းနဲ့ နိုင်ငံတော်အနေနဲ့လည်း ပြည်ပရောက်မြန်မာတွေ နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့ လိုအပ်တာတွေကို စီစဉ်ဆောင်ရွက်ပေးနေ တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လွတ်လပ်ရေးရပြီးကတည်းက ပဋိပက္ခ္ခတွေကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ ကျန်ခဲ့ရတဲ့အကြောင်း မြန်မာနိုင်ငံဟာ စီးပွားရေး အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့  တရုတ်နဲ့ အိန္ဒိယဈေးကွက်နဲ့ ဆက်စပ်နေပြီး သယံဇာတကြွယ်ဝတဲ့ နိုင်ငံဖြစ်တဲ့အတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းရင် ၁၉၆၀ ခုနှစ်မတိုင်ခင်က အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံ ရပ်တည်ခဲ့တဲ့ အဆင့်အတန်းကို ပြန်ရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

သံရုံးအပြင်ဘက်မှာတော့ သမ္မတဦးသိန်းစိန်ကို ပိုစတာတွေနဲ့ စာတမ်းတွေ ကိုင်ဆောင်ပြီး ဆန္ဒပြကြသူတချို့လည်း ရှိပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ အတူ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ စွမ်းအင်နဲ့ ကျန်းမာရေး ဌာနတွေက ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒုဝန်ကြီးအဆင့်တွေ လိုက်ပါသွားပြီး အလုပ်သဘော သွားရောက်တာလို့ နိုင်ငံတော်သမ္မတရုံးဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မေ ၁၈ ရက်နေ့ ညနေမှာ ၀ါရှင်တန်မှာရှိတဲ့  အမေရိကန်သမ္မတဟောင်း လင်ကွန်းအထိမ်းအမှတ်အဆောက်အဦကို သွားရောက် လေ့လာခဲ့ပါတယ်။

မေ ၂၀ ရက်နေ့မှာ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံပြီး ဒီမိုကရေစီရေး၊ တိုင်းရင်းသားအရေး၊ စီးပွားရေးနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအရေး နှစ်နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးဖို့ ရှိပါတယ်။

ဒါ့ပြင် ခရီးစဉ်အတွင်း အမေရိကန် စီးပွားရေးကုမ္ပဏီကြီးတွေနဲ့ တွေ့ဆုံပြီး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူ စာချုပ်တွေလည်း ချုပ်ဆိုဖို့ ရှိနေပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်ဟာ ၁၉၆၆ ခုနှစ်က ဗိုလ်ချုပ်ကြီးနေ၀င်း အမေရိကန်ကို သွားပြီးနောက်  မြန်မာသမ္မတတဦးအနေနဲ့ ပထမဆုံးအကြိမ် သွားရောက်မှုလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013