DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ညမထွက်ရအမိန့် ၂ လထပ်တိုး
DVB
·
June 25, 2020
ဧရာဝတီတိုင်းတွင် ညမထွက်ရအမိန့် ၂ လထပ်တိုး
Donate to DVB

ကိုဗစ်-၁၉ ကပ်ဘေးကာလ ဧရာဝတီတိုင်းမှာ ညမထွက်ရအမိန့်ကို ဧပြီလ ၁၈ ရက်နေ့ကစတင်ထုတ်ပြန်ခဲ့ပြီးနောက် ဇွန်လ ၁၈ ရက်က ၂ လပြည့်ခဲ့လို့ နောက်ထပ် ၂ လ ထပ်မံတိုးမြှင့်လိုက်တယ်လို့ တိုင်းအစိုးရအဖွဲ့ရုံး ပြောရေးဆိုခွင့်ရှိသူက ဒီဗွီဘီကိုပြောပါတယ်။

ညမထွက်ရအမိန့်ထုတ်ပြန်ပြီး ၂ လအကြာမှာ သက်ဆိုင်ရာမြို့နယ်အလိုက် ညမထွက်ရအမိန့် ၂ လ တိုးမြှင့်ဖို့အတွက် ခရိုင် ကိုဗစ်ကော်မတီတွေကို ညွှန်ကြားခဲ့တာလို့ တိုင်းအစိုးရအဖွဲ့ရုံးက ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။

"ဥပဒေအရဆိုရင် ညမထွက်ရအမိန့်က သတ်တမ်း ၂ လအထိပဲ ထုတ်လို့ရတယ်၊ ဒါကြောင့်မလို့ ကိုဗစ် ကော်မတီအနေနဲ့ ခရိုင်တွေကို စာနဲ့ညွှန်ကြားလိုက်တယ်။ ဒါကို သက်ဆိုင်ရာ မြို့နယ်တွေအလိုက် သတ်တမ်းထပ်တိုးတဲ့ သဘောပါ။ ဥပဒေအရ ၂ လ ၁ ကြိမ်သတ်တမ်းတိုးတဲ့ သဘောပါ" လို့ ပြောပါတယ်။

ညမထွက်ရအမိန့်ထုတ်ပြန်နောက်ပိုင်း ဧရာဝတီတိုင်းမှာ အမိန့်မလိုက်နာသူ ၅၂၄ ဦးကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။

"ညမထွက်ရအမိန့် ချိုးဖောက်သူ ၅၂၄ ဦး ရှိခဲ့ပါတယ်။ ဒီထဲမှာ အမျိုးသမီး ၁၃ ဦးပါဝင်လာတယ်။ သူတို့ကို သက်ဆိုင်ရာမြို့နယ်တရားရုံးတွေက ပုဒ်မ ၁၈၈ အရ ထောင်ဒဏ်တွေ အပြစ်ပေးချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။"

ဧရာဝတီတိုင်း ၂၆ မြို့နယ်မှာ ညမထွက်ရအမိန့် မလိုက်နာသူ အမျိုးသမီး ၁၃ ဦးအပါအဝင် လူပေါင်း ၅၂၄ ဦးကို မြို့နယ်တရားရုံးတွေက ထောင်ဒဏ် ၁ လနဲ့ ထောင် ၂ လ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

ထောင်ဒဏ်အပြစ်ပေးခံရသူတွေထဲမှာ အများဆုံးကတော့ ပုသိမ်ခရိုင်က ၂၃၉ ဦးနဲ့ ဟင်္သာတခရိုင်က လူပေါင်း ၇၆ ဦးပါတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013